ရခိုင်အမျိုးသားပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
2014.03.26

မကြာသေးခင်က ရခိုင်ပါတီ ၂ ပါတီ ပေါင်းစည်းလိုက်ပြီး အသစ်ဖွဲ့လိုက်တဲ့ ရခိုင်အမျိုးသားပါတီ ANP ဟာ ဒီနှစ်ကုန်ပိုင်းကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၃ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် လို့ ပါတီခေါင်းဆောင်တွေက ဒီနေ့ စစ်တွေမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
စစ်တွေမြို့မှာ မတ်လ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ၃ရက်ကြာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပထမဆုံး အကြိမ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင်တွေ ဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့ ANP ပါတီရဲ့ ပထမခေါင်းဆောင် ဦးအေးသာအောင် က ပြောပါတယ်။
"ကြားဖြတ်ရွေးကော်ပွဲမှာဝင်ဖို့ ဆုံးဖြတ်ပါတယ်၊ ရခိုင်ပြည်နယ်မှာ ၃ နေရာ လစ်လပ်နေတယ်၊ မင်းပြားမှာ ၂ နေရာ၊ ဂွမှာ ၁ နေရာ၊ အဲဒီ ၃ နေရာကိုဝင်ဖို့အတွက် ဆုံးဖြတ်တယ်၊ ကိုယ်စားလှယ်လောင်းတွေကိုတော့ ရွေးကောက်ပွဲနီးမှ မြို့နယ်နဲ့ ဗဟို ညှိပြီးတော့မှ ရွေးချယ်မယ်"
ရခိုင်ပြည်နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ကွယ်လွန်သွားတာကြောင့် လစ်လပ်မဲဆန္ဒနယ် မြို့နယ် ၃ မြို့နယ် ရှိပြီး အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာတွေဖြစ်ပါတယ်။
၃ ရက်ကြာကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကနေ ပါတီရဲ့ဗဟိုဌာနချုပ်တွေကို စစ်တွေနဲ့ ရန်ကုန် နှစ်မြို့စလုံးမှာ ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။