စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးမူ အားနည်းလာကြောင်း ANP ဝေဖန်

2024.07.02
စစ်ကောင်စီရဲ့  နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးမူ အားနည်းလာကြောင်း ANP ဝေဖန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်ကို တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်မှာ အင်အားအကြီးဆုံးနဲ့ လူထုထောက်ခံမှု အများဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ပြန်လည်မှတ်ပုံတင်ခွင့်အပေါ် ငြင်းပယ်လိုက်တာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးမူ အားနည်းလာတာကို ပြသလိုက်တာပဲလို့ ANP က ဒီနေ့ ဝေဖန် ပြောဆို လိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) မှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ငြင်းပယ်လိုက်တဲ့အပေါ် ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက အခုလို တုံ့ပြန်ဝေဖန်လိုက်တာပါ။

“နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာမယ်ဆိုတဲ့ လမ်းစဉ်နဲ့ ဖွဲ့စည်းထားတာပါ။ အခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တရားဝင်လျှောက်ထားမှု အပေါ်မှာ ငြင်းပယ်တယ်၊ ပယ်ဖျက်တယ်ဆိုတော့ အစိုးရကိုယ်တိုင်ရော၊ UEC ကိုယ်တိုင်ကပါ လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအပေါ်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို အာရုံစိုက်မှုနည်းသွားပြီလို့မြင်တယ်”

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ - ၇ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်မှုမရှိတာကြောင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ် လိုက်တာလို့ မနေ့က ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ မှာတော့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရား အသင်းအဖြစ် ကြေညာခြင်းခံရတဲ့ အဖွဲ့အစည်း၊ နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် အကြမ်း ဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ်မှတ်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာ ခြင်းခံရတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ဒီအဖွဲ့အစည်းဝင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ်တာ ဒါမှမဟုတ် အားပေးကူညီခြင်းပြုတဲ့ အဖွဲ့အစည်းစတဲ့ သူတွေကို နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားခွင့် မရှိဘူးလို့ ဖော်ပြထားပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ ANP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပါတီမှတ်ပုံခွင့်လျှောက်ထားခဲ့စဉ်က လူ ၂၅ ဦးရဲ့ ကိုယ်ရေး အချက်အလက်အသေးစိတ်ကို တင်ပြခဲ့ရပြီး အဲဒီအထဲက တစ်စုံတစ်ဦးက သူတို့ သတ်မှတ်ချက်နဲ့ ငြိစွန်းမှုရှိခဲ့ရင်တောင် ပြန်လည် အကြောင်းပြန်ရမှာ ဖြစ်ပေမဲ့ အခုတော့ အကြောင်းပြန်မှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ပါ အချက်အလက်တွေဟာ အကြောင်းပြချက်တစ်ခုသာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြီး အရင်ကရှိနေတဲ့ပါတီတွေကို ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တာပါ။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၄၇ ကို ခွင့်ပြုထားပြီး နိုင်ငံရေးပါတီ ၈၀ ကျော်ကို ပယ်ဖျက်ကြောင်း ဝက်ဆိုက်မှာ ကြေညာထားပါတယ်။

အခုပါတီကို တရားဝင်မှတ်ပုံတင်ခွင့်မရပေမဲ့ ပါတီကို တရားဝင်အသိအမှတ်ပြုသည်ဖြစ်စေ၊ အသိအမှတ်မပြုသည်ဖြစ်စေ ပါတီကတော့ ဆက်လက်ရှိနေဦးမယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။