ဖရဲနဲ့ သခွားတွေ အခမဲ့ဝေပြီး ဆန္ဒပြ
2019.01.07

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်က ဖရဲနဲ့ သခွားစိုက်တောင်သူတွေဟာ မူဆယ် ကျင်စန်းကျော့ဂိတ်ပေါက် အပိတ်ခံထားရတာ ရက်ကြာလာပြီဖြစ်တဲ့အတွက် ထိခိုက်နစ်နာမှုတွေကို ဖော်ထုတ်တဲ့အနေနဲ့ ဒီနေ့ မုံရွာမြို့မှာ ဖရဲနဲ့ သခွားတွေကို အခမဲ့ပေးဝေပြီး ဆန္ဒပြကြပါတယ်။
တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်ပေါက် ပိတ်ထားတဲ့အတွက် လမ်းကြောင်းပြောင်း ပို့ဆောင်နေရတာကြောင့် သစ်သီးကားတွေ နေ့စဉ်ထောင်နဲ့ချီ လမ်းပေါ်မှာ ပိတ်မိနေတယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။
အဲဒီအခြေအနေကို ဖြေရှင်းပေးဖို့အတွက် မူဆယ် သစ်သီးကုန်စည်ဒိုင်က နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ စာပေးပို့တောင်းဆိုထားပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ဂိတ်ကို ပြန်ဖွင့်ပေးဖို့အတွက် နှစ်နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆွေးနွေးရဦးမှာဖြစ်တာကြောင့် လွယ်လွယ်ကူကူ ဆုံးဖြတ်လို့ မရနိုင်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်း က RFA ကို ပြောပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံကို သစ်ဦးတင်ပို့နေတဲ့ ကျင်စန်းကျော့လမ်းကြောင်းကို နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေက တရားမဝင် ကုန်သွယ်တဲ့လမ်းကြောင်းဆိုပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ပိတ်လိုက်ပြီးနောက်မှာ ပန်ဆိုင်းဂိတ်ပေါက်ကနေသာ ပြောင်းလဲတင်ပို့ကြရတဲ့အတွက် သစ်သီးတင်ယာဉ် အစီးရေထောင်နဲ့ချီပြီး မူဆယ်မြို့မှာ ပိတ်ဆို့နေခဲ့ပြီး ကုန်သည်တွေ ဒုက္ခရောက်ခဲ့ရပါတယ်။
အရင်က ဖရဲနဲ့ သခွားတွေတင်ပို့ရာမှာ မူဆယ်အရောက် အများဆုံး ၄ ရက်လောက်သာကြာတဲ့ခရီးဟာ ကားတွေပိတ်ဆို့နေတာကြောင့် ၁၀ ရက်လောက်အထိ ကြာမြင့်လာတဲ့အတွက် ကားတစ်စီးကို သိန်း ၄၀ နီးပါး လောက် ဆုံးရှုံးနစ်နာမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။