ဆားလင်းကြီးမြို့နယ်က ရွာလေးရွာမီးရှို့ခံရ၊ ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေး
2022.12.01

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်းအထိ ကျေးရွာလေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်လာပြီး နေအိမ်တွေမီးရှို့ခံနေရတာကြောင့် ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေး နေရတယ်လို့ ဆားလင်းကြီး ဒေသခံတွေက RFA ကို ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်မနေ့က ဆားလင်းကြီးမြို့နယ် ထန်းဇင်ရွာကနေအိမ် ၂၀ ကျော်မီးရှို့ခံခဲ့ရပြီး ဒီဇင်ဘာ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ဆားထုံး၊ လက်ပံကျွန်းနဲ့ တောကျောင်းရွာတွေကို မီးရှို့နေတာလို့ ဆားလင်းကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီကနေ့မနက်မှာ ဆားထုံးကို ဝင်ပြီးရှို့တာ။ ပြီးတော့ လက်ပံကျွန်းကို ဆက်ရှို့နေတယ်။ ဒေသခံတွေကတော့ အနီးနားရွာကရော မီးရှို့တဲ့ ရွာကရောဆို ထွက်ပြေးနေရတာ ငါးထောင်လောက်တော့ရှိတယ်။ နီးစပ်ရာ အမျိုးတွေနဲ့ စစ်ကြောင်းနဲ့ဝေးတဲ့ဆီ ထွက်ပြေးကြရတာပေါ့”
ဒီကနေ့မနက် စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့နေတဲ့ ကျေးရွာသုံးရွာက ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
အဲဒီကျေးရွာတွေထဲ ဝင်ရောက်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မန္တလေးတိုင်းဘက်ကနေ မော်တော်ယာဉ်တွေနဲ့လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ဆားလင်းကြီး ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။