ပြည်မြို့မှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးသမား ၄၀ ဦး ထောင်ဒဏ်အသီးသီးချခံရ

2021.12.30
ပြည်မြို့မှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးသမား ၄၀ ဦး ထောင်ဒဏ်အသီးသီးချခံရ ပြည်မြို့ အကျဉ်းထောင်ကို တွေ့ရစဉ်
Photo: CJ

ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်မြို့ အကျဉ်းထောင်မှာ ဖမ်ဆီးထိန်းသိမ်းခံထားရတဲ့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်နဲ့ ပါတီဝင်၊ သတင်းထောက်၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူနဲ့ ပရဟိတသမား ၄၀ ဦးကို ဒီဇင်ဘာလ ၂၉ ရက် မနေ့က ထောင်ဒဏ်တွေအသီးသီး ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ ပြည်မြို့ အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ အမိန့်ချခဲ့တာဖြစ်ပြီး ပုဒ်မ တစ်ခုကို ထောင်ဒဏ် ၂ နှစ်စီဖြစ်တယ်လို့ ဆိုပါတယ်။

အများစုဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅၊ လက်နက်ကိုင်ဆောင်မှုပုဒ်မ ၁၉ (င) နဲ့ ၁၉ (စ) စတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထာရတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က တစ်ရက်တည်း မနက်ကနေ ညနေထိ အမိန့်ချတာ၊ အမိန့်မချဘဲ ကျန်တဲ့သူတွေလည်း ရှိသေးတယ်၊ နောက်ပြီး အကြမ်းဖက် ပုဒ်မတွေ၊ ဖောက်ခွဲရေးနဲ့ဆိုင်တဲ့ အမှုတွေ အဲဒီလိုမျိုး ပြစ်ဒဏ်ကြီးတဲ့ ပုဒ်မတွေကိုတော့ အမိန့်ချတာမတွေ့ရဘူး” လို့ ဆိုပါတယ်။

ထောင်ချခံရတဲ့ အထဲမှာ ရွှေတောင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအုံးသွင်၊ ပန်းတောင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ ပန်းတောင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲဒင်၊ ပြည်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဝင်းနဲ့ အလွတ်တန်း သတင်းထောက် ကိုလပြည့်တို့လည်း ပါဝင်ပါတယ်။

ပြည်မြို့အကျဉ်းထောင်ထဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ပေါင်းတည်၊ သဲကုန်း စတဲ့မြို့နယ်တွေက နိုင်ငံရေးအကျဉ်းသားအများစုကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အကျဉ်းထောင်တွင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။