စင်္ကာပူ ဂုဏ်ထူးဆောင် ဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ
2015.02.02

စင်္ကာပူ အစိုးရအဖွဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုချောက်ထောင်ဟာ မြန်မာနိုင်ငံကို ဒီနေ့ ရောက်ရှိ မှာဖြစ်ပါတယ်။
မစ္စတာ ဂိုချောက်ထောင်ဟာ ဒီနေ့ ဖေဖေါ်ဝါရီ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ လည်ပတ်မှာဖြစ်ပြီး၊ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ မှာဖြစ်သလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ မယ်လို့သိရပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ၊ ပြည်ထောင်စု စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင် နဲ့တကွ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်တွေနဲ့ လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
မစ္စတာ ဂိုချောက်ထောင်နဲ့အတူ စင်္ကာပူ အစိုးရ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနတွေက ဝန်ကြီးတွေနဲ့ အရာရှိတွေ လိုက်ပါလာကြ မယ်လို့ သိရပါတယ်။
ဒီအတွင်း သြစတေးလျနိုင်ငံရဲ့ အမျိုးသမီးများနဲ့ မိန်းကလေးများဆိုင်ရာ သံအမတ် Natasha Stott Despoja ဟာ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ သတင်းရရှိပါတယ်။
Stott Despoja ဟာ အစိုးရအဖွဲ့ဝင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာအမျိုး သမီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှုစတဲ့ ကိစ္စတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။
Stott Despoja ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်က နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နိုင်ငံရေးသူရဲကောင်းပါလို့လည်း ပြောဆိုပါတယ်။
Stott Despoja ဟာ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘောဒီးယားနိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။