မြင်းခြံမြို့ ချောင်းဒေါင်းရွာ အုပ်ချုပ်ရေးမှူးဟောင်းရဲ့သား ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အမှတ် (၂၀) ရပ်ကွက် ချောင်းဒေါင်းရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုနီရဲ့ နေအိမ်ကို သြဂုတ်လ ၃၁ ရက်နေ့ မနေ့ညက ဆိုင်ကယ်နဲ့ အရပ်ဝတ်လူတစ်စု ရောက်လာပြီး ပစ်ခတ်ခဲ့တာ ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့တယ်လို့ မြင်းခြံမြို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသွားသူဟာ ဦးကိုနီရဲ့သား အသက် (၂၉) နှစ်အရွယ် ကိုမင်းထက်ကို ဖြစ်ပြီး ဦးကိုနီရဲ့ ညီဖြစ်သူ ကတော့ ဒဏ်ရာရရှိခဲ့တာကြောင့် မန္တလေးမြို့က စစ်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မြင်းခြံမြို့ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။
လာရောက်ပစ်ခတ်ချိန်မှာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုနီ နေအိမ်မှာ ရှိမနေတာကြောင့် မိသားစုဝင်တွေကို အခုလိုလုပ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ည ၈ နာရီကျော်လောက်မှာ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ် လေးငါးစီးလောက်နဲ့ လူရှစ်ယောက် ရောက်လာတယ်၊ အိမ်တံခါးကို သေနတ်နဲ့ချိန်ပြီး အတင်းဖွင့်ခိုင်းတယ်၊ အမျိုးသမီးတွေကို အခန်းထဲ ဝင်နေခိုင်းပြီး အမျိုးသားသုံးယောက်ကို ဒူးထောက်ခိုင်းပြီး သေနတ်နဲ့ချိန်ထားတယ်၊ အဲဒီထဲက ဦးကိုနီရဲ့ သားနဲ့ ညီကို သေနတ်နဲ့ပစ်တယ်၊ ဦးကိုနီက အိမ်မှာလည်း မရှိပါဘူး၊ ဒါကို မဆိုင်တဲ့သူတွေကို ပစ်သွားတာ၊ ပျူစောထီးတွေလို့တော့ ယူဆတယ်၊ သူက လူမှုရေးလုပ်တာ ဘာရန်ငြိုးမှလည်း မရှိဘူး၊ နောက်ပြီး အဲဒီအဖွဲ့က အိမ်က ဖုန်းငါးလုံးကိုလည်း ယူသွားတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံက ပြောပါတယ်။
ဦးကိုနီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့ဖူးတာကြောင့် စစ်ကောင်စီက တပ်မတော်ကို အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်ခံခဲ့ရပြီး ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုတွေ မြင့်တက်လာချိန်မှာတော့ စစ်ကောင်စီက တရားစွဲဆိုထားမှုကို ပယ်ဖျက်ပေးခဲ့တာပါ။
အဲဒီနောက်ပိုင်း ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ ပြန်လည်ပူးပေါင်းလုပ်ဆောင်ပေးဖို့ စစ်ကောင်စီ ဘက်က ကမ်းလှမ်းခဲ့တာကြောင့် မြင်းခြံမြို့ကိုပြန်လာပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ တစ်လခန့်သာ ရှိသေးတယ်လို့ မြင်းခြံမြို့ခံတွေက ပြောပါတယ်။
ဦးကိုနီဟာ မြင်းခြံမြို့က ဧရာဝတီသွေးလှူရှင်အသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်သလို NLD ပါတီ အစိုးရ လက်ထက် က ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။