ဖို့ဒ် ကားကုမ္ပဏီ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု စတင်တော့မည်
2013.04.30
အမေရိကန်ပြည်ထောင်စုအခြေစိုက် ကမ္ဘာကျော်ဖို့ဒ် (Ford) မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီဟာ ရန်ကုန်မြို့မှာ ပထမဆုံး ကားအရောင်းပြခန်းကို လာမယ့်သြဂုတ်လအတွင်း စတင်ဖွင့်လှစ်မယ်လို့ ဒီနေ့ကြေညာလိုက်ပါတယ်။
လူဦးရေသန်း ၆၀ ရှိတဲ့ မြန်မာနိုင်ငံမှာ အခြေအနေကောင်းတွေ တော်တော်များများ ပေါ်ထွက်နေသလို နိုင်ငံတကာနဲ့ယှဉ်ရင် ကားပိုင်တဲ့သူ နည်းနေသေးတဲ့နိုင်ငံဖြစ်တာကြောင့် မိမိတို့အတွက် အခွင့်အလမ်းကောင်းတွေတွေ့ရတယ်လို့ ဖို့ဒ်ကားကုမ္ပဏီရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာမန်နေဂျာ ဒေးဗစ်ဝက်စတာမန်း (David Westerman) က ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ခုချိန်ထိကားသစ်ထုတ်တဲ့ ကုမ္ပဏီတစ်ခုမှမရှိသေးသလို၊ မိမိတို့ဖို့ဒ်ကုမ္ပဏီအနေနဲ့လဲ ဒီကိစ္စအပေါ်မှာ စိတ်ဝင်စားနေတယ်လို့ သူကပြောပါတယ်။
ရန်ကုန်မြို့က ဖို့ဒ်ကုမ္ပဏီအတွက် ဝန်ထမ်းအယောက် ၅၀ လောက်ခန့်ထားပြီလို့လည်း သိရပါတယ်။