ဗန်းမော်မှာ ကေအိုင်အို အရာရှိဟောင်းနဲ့ ဇနီးကို စစ်ကောင်စီ ဖမ်းဆီး
2023.10.19

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အောက်တိုဘာလ ၁၇ ရက်နေ့က ကေအိုင်အို အရာရှိဟောင်း ဦးဒရှီလဒွယ်နဲ့ ဇနီးကို စစ်ကောင်စီတပ်က နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ညောင်ပင်ရပ် ရပ်ကွက်မှာရှိတဲ့ ဦးဒရှီလဒွယ် နေအိမ်ကို ဝင်ရောက်စီးနင်းဖမ်းဆီးပြီး နောက်တစ်နေ့မှာ နေအိမ်ကိုပါ ဗုံးခွဲဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“၁၇ ရက်နေ့မှာ အိမ်ပိုင်ရှင်ရော အမျိုးသမီးကို အရင် လာဖမ်းသွားတာ။ နောက်နေ့မှ အိမ်ကပစ္စည်းတွေကို ကားနဲ့လာသယ်သွားတယ်။ သယ်ပြီးတာနဲ့ အိမ်ကို ဗုံးဖောက်ခွဲပြီး ထားခဲ့တာပဲ”
ဗုံးဖောက်ခွဲ ဖျက်ဆီးမှုကြောင့် နေအိမ်အောက်ပိုင်း အတော်များများ ပျက်စီးသွားပြီး ဖမ်းဆီးခံရတဲ့ ဇနီးမောင်နှံနှစ်ဦးကို အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးဒရှီလဒွယ်ဟာ အရင်က KIO ရဲ့ အုပ်ချုပ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့သူဖြစ်ပေမယ့် အရာရှိအဖြစ်ကနေ နုတ်ထွက်ပြီး စီးပွားရေးလုပ်ကိုင်နေသူဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကေအိုင်အေ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ သူ့ကို ဘာအကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်သလဲဆိုတာကို လတ်တလော မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
“ဆလမ်ကဘာ လုပ်ခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲထဲကနေ နုတ်ထွက်လိုက်တာ ကြာပါပြီ။ အခုက စစ်ကောင်စီက ကေအိုင်အေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းတာလား၊ တခြားကိစ္စကြောင့် ဖမ်းတာလားတော့ သေချာမသိရသေးဘူး”
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
အောက်တိုဘာလ ၁၈ ရက် မနေ့ကလည်း ဗန်းမော်မြို့ ဆင်ကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်လုံးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက လာရောက်ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။