မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲကြောင့် အရပ်သား ငါးဦးသေဆုံး
2023.10.27

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်မှာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေကြောင့် အောက်တိုဘာ ၂၆ ရက်နဲ့ ၂၇ ရက် နှစ်ရက်အတွင်း ကလေး သုံးဦး အပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်မှာ ဒီမနက် ငါးနာရီလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ရှစ်နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရခဲ့တယ်လို့ သာယာကုန်းရပ်ကွက်အနီး နေဝန်းနီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် အဲဒီရပ်ကွက်က ဒေသခံတွေနဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်သူအချို့ ကုန်းကလားတောင် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနဲ့ နောင်ဆွေရွာမှာလည်း မနေ့ညနဲ့ ဒီမနက်ပိုင်းက လက်နက်ကြီးထိမှန်လို့ ကလေး တစ်ဦးနဲ့ လူကြီး နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ဖတ်ကာ-မူဆယ် လမ်းဟောင်က ၁၂ မိုင်နဲ့ ၁၃ မိုင်ကျေးရွာတွေ အနီးရှိ စစ်ကောင်စီ လက်အောက်ခံ ပန်ဆေး ပြည်သူ့စစ်တပ်စခန်းတွေကို TNLA တပ်ဖွဲ့က ဒီမနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကောင်စီရဲ့ နမ့်ဖတ်ကာ အခြေစိုက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီးကျည်အချို့ နမ့်ဖတ်ကာအမှတ် ၄ ရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး နေရာမှာပဲ သေဆုံးခဲ့တာပါ။ အသက် ၃၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးကတော့ ဆေးရုံပို့ချိန်မှာ သေဆုံးခဲ့တာလို့ ကူညီကယ်ဆယ်ရေး လုပ်သူတွေက ပြောပါတယ်။
ကွတ်ခိုင်-နမ်ဖတ်ကာလမ်းပိုင်း နောင်ဆွေနဲ့ နမ့်ကွတ်ရွာအနီးမှာလည်း မနေ့ညနေပိုင်းကတည်းက တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီးကြောင့် နောင်ခွန်ရွာက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။