လိုင်ဇာဈေး မီးလောင်၊ ကျပ်ငွေကုဋေချီဆုံးရှုံး

ဒီကနေ့ အောက်တိုဘာ ၂၅ ရက် မနက် အစောကြီး၊ ကေအိုင်အိုဌာနချုပ် တည်ရှိတဲ့ တရုတ် မြန်မာနယ်စပ် လိုင်ဇာမြို့ ဈေးကြီး မီးလောင်ကျွမ်း ပျက်စီးသွားပါတယ်။ ကာလတန်ဖိုး ကျပ်ငွေ ကုဋေနဲ့ ချီပြီး ပျက်စီး ဆုံးရှုံးသွားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ မီးဘေးသင့်ခံရသူတွေကို ကေအိုင်အိုအဖွဲ့ကနေ ကူညီထောက်ပံ့မှုတွေ ပေးထားကြောင်း သိရပါတယ်။

2010.10.25

မနေ့ကည သန်းခေါင်ကျော် တချက်တီး အချိန်လောက်မှာ မီး စတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ လောင်ကျွမ်းချိန် သုံးနာရီလောက်အတွင်း ဈေးတဈေးလုံး မီးထဲပါသွားရုံမက ဈေးအပြင်ဖက်က ဆိုင်တန်းတွေပါ လောင်ကျွမ်း ပျက်စီးသွားကြောင်း၊ ပေါ့ဆမီးဖြစ်တယ်လို့ ပြောဆိုနေကြကြောင်း လိုင်ဇာမြို့ခံတယောက်က အခုလိုပြောပြပါတယ်။

“မနေ့ညက ၁၂ နာရီခွဲ တနာရီဝန်းကျင်ကစလောင်တာ လိုင်ဇာဈေးတခုလုံး ကုန်တာပါ့ အမိုးချွန်ချွန်နဲ့ဟာ လေးလုံးလေ၊ အဲဒီ လေးလုံး အကုန်လုံး ဘေးပတ်ဝန်းကျင်က ဆိုင်တန်းတွေ ရှိသေးတာပေါ့။ စောင်ရောင်းတဲ့ တရုတ်တွေ ည ထမင်း ကြော်စားရင်းနဲ့ ဂက်စ်အိုးကနေ စလောင်တယ်လို့ ပြောတာပဲ နောက်စက်ချုပ်ဆိုင်၊ အထည်ဆိုင် ရွှေဆိုင်၊ နောက်ပြီးမှ စားကုန်သောက်ကုန်၊ ရွှေဆိုင်။”

မီးရှိန်ပြင်းလွန်းတာကြောင့် ဈေးအပြင်ဖက် ကပ်လျက်ဆိုင်တွေက ပစ္စည်းတွေတောင် အချိန်မီ မီးလွတ်ရာကို မရွှေ့ပြောင်းနိုင်ခဲ့ကြဘူးလို့လည်း နောက်ထပ်လိုင်ဇာ ဒေသခံက ပြောပြပါတယ်။ လိုင်ဇာမှာ ကေအိုင်အိုအဖွဲ့ရဲ့ မီးသတ်ဌာနပိုင် မီးသတ်ကား တစီးတည်းသာ ရှိကြောင်း သိရပါတယ်။

လိုင်ဇာဈေးအတွင်းမှာရှိတဲ့ ဈေးဆိုင်ခန်းပေါင်း ၁၂၀ ကျော်နဲ့ အိမ် ၉ လုံး မီးထဲပါသွားပြီး ဆုံးရှုံးမှုတန်ဖိုး ကတော့ မြန်မာငွေ ကျပ်သိန်း ၉,ဝဝ၀ လောက် ရှိတယ်လို့ သိရပါတယ်။

မီးဘေးသင့်ခံလိုက်ရတဲ့ ဈေးသူဈေးသားတွေရဲ့ နေရေးထိုင်ရေး အတွက်နဲ့ မတည်ငွေတွေ အကူအညီတွေကို ကေအိုင်အိုအဖွဲ့က ထုတ်ပေးထားတယ်လို့ အမည်မဖော်လိုတဲ့ ကေအိုင်အို အုပ်ချုပ်ရေး အရာရှိတယောက်က အာရ်အက်အေကို အခုလို ပြောပြပါတယ်။

“ဈေးလာရောင်းတဲ့လူတွေက ဒေသခံတွေလည်း ပါတယ်။ နောက်ပြီးတော့ ဗန်းမော်တို့ မြစ်ကြီနားတို့ နေရာတကာပေါ့။ မန္တလေးကတောင် ပါသေးတာပဲ။ အရပ်ဝေးကလာပြီး ဈေးရောင်းတဲ့ ဈေးသည် အဖွဲ့လည်း ရှိတော့ တချို့က ဈေးထဲမှာနေပြီတော့ နေ့ပိုင်း ဈေးရောင်း၊ ညပိုင်းအိပ်ခန်းလုပ် အဲဒီမှာ ချက်ပြုတ် စားသောက်ကြတော့ ဒါကြောင့် အခုက ဆိုင်ခန်းတွေ မီးထဲပါသွားတော့ သူတို့ရဲ့ နေရာထိုင်ခင်း၊ စားရေးသောက်ရေးကအစ ပြဿနာရှိတော့ လိုင်ဇာ မြို့တော်အုပ်ချုပ်ရေး ကော်မီတီကနေပြီးတော့ အရေးပေါ် နေရာချထားပြီးတော့ အရေးပေါ်နေရာချထားရေး အစီ အစဉ်ပါ လုပ်ထားပေးပါတယ်။ ယာယီဖြေရှင်းတာပေါ့။ နောက်ပြီးတော့ ဈေးသူဈေးသားတွေ စားစရာတောင် ဘာမှမရှိတော့ ဝတ်စရာတောင် ကိုယ်တထည် အဝတ်တထည် ဖြစ်နေတော့ သူတို့အတွက် အရေးပေါ် ကူညီရေးအနေနဲ့ ကျနော်တို့ ကေအိုင်အို အဖွဲ့အစည်းအနေနဲ့ လောလောဆယ် သိန်း ၅၀ဝ မတည်ငွေ ပေးထားပြီးတော့ စတင်ဖို့ အစီအစဉ် လုပ်ထားပေးပါတယ်။”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။