မွန်ပြည်နယ် ပေါင်မြို့နယ် မှာ နေအိမ် ၁၁ လုံး မီးလောင် ဆုံးရှုံး


2013.12.29
mon-fire-house-305 ဒီဇင်ဘာလ ၂၉ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် နေအိမ် ၁၁ လုံး ပျက်စီး ဆုံးရှုံးသွားစဉ်
Photo : RFA/ Kyaw Lwin Oo

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် နေအိမ် ၁၁ လုံး ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ပေါင်မြို့၊ ကဒါရပ်ကွက်မှာ ရှိတဲ့ မဂ္ဂင်လမ်းက နေအိမ်တအိမ်မှာ ဒီကနေ့ မနက် ၂ နာရီလောက်က မီးကြွင်းမီးကျန်ကနေ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် အိမ်ခြေ ၁၁ လုံး ဆုံးရှုံးပျက်စီးခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ပေါင်မြို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ်တွေပျက်ဆီးဆုံးရှုံးခဲ့ရသူတွေအတွက် လက်ရှိအချိန်မှာ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ နေရာချပေးထားတယ်လို့ ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက RFA ကိုပြောပါတယ်။

" အကုန်လုံး အိမ်ခြေ ၁၁ လုံးပါသွားတယ်ပေါ့ မီးလောင်ဆုံးရှုံးမှုကြောင့်၊ အိမ်ထောင်စု ၁၁ စု၊ မီးဘေးသင့်တဲ့ သူတွေကိုတော့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ထားပြီးတော့ ကူညီစောင့်ရှောက်ထားတယ်ပေါ့၊ ပြီးတော့ ကျွန်တော်တို့ ရပ်ကွက်ကနေပြီးတော့ အလှူငွေတွေ ကောက်ပြီးတော့ ထောက်ပံ့မှုအစီအစဉ်ဆွဲထားတယ်ပေါ့"

မီးလောင်မှုကို မော်လမြိုင် ၊ ဇင်းကျိုက်  စတဲ့မြို့တွေကပါ မီးသတ်ကား ၉ စီးနဲ့ လာရောက် ငြိမ်းသတ်ခဲ့လို့မနက် လေးနာရီလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီမီးလောင်ကျွမ်းမှုမှာ ပေါင်မြိုမှာ ဆယ်စုနှစ်တခုကျော်အတွင်း ပထမဆုံးအကြိမ် လောင်ကျွမ်းတာဖြစ်ပြီး လယ်သမားအများစု နေထိုင်တဲ့ ရပ်ကွက်မှာ လောင်ကျွမ်းတာ ဖြစ်ပေမဲ့ စပါးအချို့သာ စပါးကြည်တွေထဲရောက်သေးတာကြောင့် စပါးအတင်း (၁၀၀၀)ကျော်လောက်သာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မွန်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က ၅၃ ကြိမ်၊ ၂၀၁၃ ခုနှစ်အောက်တိုဘာလအထိ ၅၃ ကြိမ်မီးလောင်ကျွမ်းခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်းက သံဖြူဇရပ်မြို့က ဈေးမီးလောင်မှုဟာ ဆုံးရှုံးမှု အများဆုံး မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။