မွန်ပြည်နယ်အတွင်း စစ်ရေးဖော်ဆောင်ဖို့ “ရာမညပူးတွဲစစ်ကြောင်း” ဖွဲ့စည်း
2025.01.19

မွန်တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အတွက် “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်အတွင်း စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ဇန်နဝါရီ ၁၇ ရက်နေ့က ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း “ရာမညပူးတွဲစစ်ကြောင်း”ရဲ့ ပြန်ကြားရေးနှင့် ဆက်ဆံရေးဌာန တာဝန်ခံ ဒေါက်တာသီရိမွန်ချမ်းက ပြောပါတယ်။
“စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ်လို့ သဘောတူထားတာရှိတယ်။ အဲဒီအတိုင်းပဲ အခုကျတော့ လက်တွေ့ကျကျ “ရာမညပူးတွဲစစ်ကြောင်း” ဖွဲ့စည်းပြီး မွန်လက်နက်ကိုင်လေးဖွဲ့ အတူတကွ စစ်ဆင်ရေးတွေလုပ်သွားမယ်။ တိုက်ပွဲတွေ ဖော်ဆောင်သွားမယ်။ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်ဖို့ ဖွဲ့စည်းတာပါ”
“ရာမညပူးတွဲစစ်ကြောင်း” ကို ဦးဆောင်မဲ့ စစ်ကြောင်းမှူး၊ စစ်ဆင်ရေးမှူးနဲ့ လိုအပ်တဲ့ တပ်အင်အားတွေကို ဆွေးနွေးထားပြီးဖြစ်တာကြောင့် မကြာခင်အချိန်အတွင်း မွန်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေကို အကောင်အထည်ဖော်လာနိုင်မယ်လို့လည်း ဒေါက်တာသီရိမွန်ချမ်းက ပြောပါတယ်။
မွန်ပြည်နယ်နဲ့ ထိစပ်ဒေသတွေမှာရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲတွေနဲ့လည်း မွန်လက်နက်ကိုင်အဖွဲ့တွေက ညှိနှိုင်းဆောင်ရွက်တာတွေရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်း စစ်ရေးဖော်ဆောင်ဖို့ လိုအပ်ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဒေါက်တာသီရိမွန်ချမ်းက ပြောပါတယ်။
မွန်လက်နက်ကိုင်လေးဖွဲ့ပူးပေါင်း စစ်ရေးဖော်ဆောင်မှုဟာ တစ်ချိန်မှာ မွန်တပ်တော်တစ်ခုပေါ်ပေါက်လာဖို့အတွက် ဖြစ်ကြောင်းလည်း ပြောပါတယ်။
“ရာမညပူးတွဲစစ်ကြောင်း” မှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ဖွဲ့တွေ ပါဝင်တာဖြစ်ပါတယ်။ မွန်တပ်ဖွဲ့လေးခု ပူးပေါင်းစစ်ရေးလှုပ်ရှားဖို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သဘောတူခဲ့တာဖြစ်ပါတယ်။