မွန်လက်နက်ကိုင် လေးဖွဲ့ စစ်ရေးပူးပေါင်းလှုပ်ရှားဖို့ သဘောတူ

RFA Burmese
2024.12.19
မွန်လက်နက်ကိုင် လေးဖွဲ့ စစ်ရေးပူးပေါင်းလှုပ်ရှားဖို့ သဘောတူ ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က KNU တပ်မဟာ (၆) နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) သင်တန်းဆင်းပွဲအခမ်းအနား မြင်ကွင်းတစ်ခု။
Photo: Mon Liberation Army

တစ်ခုတည်းသော မွန်တပ်ပေါ်ပေါက်ဖို့အတွက် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MNLA)၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ဒီဇင်ဘာ ၁၈ ရက်နေ့က သဘောတူလိုက်ပါတယ်။

ပထမဆုံးအကြိမ် မွန်တော်လှန်ရေး တပ်ဖွဲ့ လေးဖွဲ့ စစ်ရေးပူးပေါင်းလှုပ်ရှားသွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့အုပ်ချုပ်ရေးကော်မတီ နိုင်ဒင်းပလဟံသာ က RFA ကိုပြောပါတယ်။

“စစ်ရေးလှုပ်ရှားမှုဆိုတာကတော့ ရှင်းရှင်းပြောရရင်တော့ ကော့ကရိတ် တောင်ဘက်ခြမ်းကနေပြီးတော့ ရေဖြူအထိ အဲဒီနယ်ပယ်မှာ ဖြစ်ဖို့တော့ ရှိတယ်။ ဒါပေမဲ့ လောလောဆယ်ကတော့ ဘယ်နေရာမှာ လှုပ်ရှားမလဲဆိုတာကတော့ သေသေချာချာမဆုံးဖြတ်ရသေးဘူး။ စဉ်းစားထားတာပဲ ရှိတာပေါ့လေ။ ဒါပေမဲ့ တကယ့်တကယ် ဘယ်နေရာမှာ လှုပ်ရှားမယ်ဆိုတာ နောက်မှပဲ ကျွန်တော်တို့က ဖြေလို့ရမှာပေါ့

စစ်ရေးလိုအပ်ချက်ကြောင့် မွန်တော်လှန်ရေးတပ်ဖွဲ့တွေဟာ တခြားတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေလို မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ မဖော်ဆောင်နိုင်သေးသလို၊ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ကွဲပြားနေပြီး စုစည်းဖို့အချိန်တစ်ခုယူရတာ၊ မွန်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ ပူးတွဲဆောင်ရွက်မှ တော်လှန်ရေး အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်တာလို့လည်း သူက ပြောပါတယ်။

အဲဒီလက်နက်ကိုင်လေးဖွဲ့ဟာ တော်လှန်ရေးနယ်မြေတစ်နေရာမှာ ဒီဇင်ဘာ ၁၈ ရက်နေ့က စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မယ့်အစည်းအဝေး ကျင်းပခဲ့တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်အရ ပထမအဆင့်အနေနဲ့ တပ်ဖွဲ့ လေးဖွဲ့ ပူးတွဲပြီး စစ်ရေးလှုပ်ရှားဖို့ သဘောတူထားသလို တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကိုလည်း အကောင်အထည်ဖော်သွားဖို့ ရှိနေပါတယ်။

ဒီမွန်တော်လှန်‌ရေးတပ်လေးဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး မွန်၊ ကရင်၊ တနင်္သာရီ ဒေသတွေမှာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။