အရပ်သားတွေကို တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို EU ရှုတ်ချပြီး အရေးယူ ပိတ်ဆို့မှုတိုးမြှင့်မည်

2021.12.30
အရပ်သားတွေကို တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို EU ရှုတ်ချပြီး အရေးယူ ပိတ်ဆို့မှုတိုးမြှင့်မည် လေးကေ့ကော်ဒေသက တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရသူတွေကို ၂၀၂၁၊ ဒီဇင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

မကြာခင်က ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း၊ လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်သားတွေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်ပြီး၊ လက်ခံ နိုင်စရာ မရှိဘူးလို့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးရာဌာန အဆင့်မြင့် ကိုယ်စားလှယ် ဂျိုးဆက် ဘောရဲလ်က မနေ့က ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေက လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်သားတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၃၅ ဦးကို သတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ ဖြစ်ရပ်ဟာ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိအောင်လုပ်ဖို့ အရေးတကြီး လိုအပ်နေတာကို ပြသနေတယ်လို့ ဂျိုးဆက် ဘောရဲလ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်ဖို့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်တာ အပါအဝင် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးယူဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

အီးယူ ဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းပြီး ကတည်းက စစ်ခေါင်းဆောင် တွေနဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့အကြောင်း၊ အာဏာသိမ်း စစ်ကောင်စီကို တရားဝင်ဖြစ်မှု မရစေဖို့အတွက် အီးယူက မြန်မာအစိုးရကို ပေးနေတဲ့ အကူအညီတွေကိုလည်း ရပ်ဆိုင်းခဲ့တဲ့အကြောင်းနဲ့ စစ်ကောင်စီအပေါ် ထပ်ပြီးတော့လည်း အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်သွားမှာဖြစ်တဲ့အကြောင်း ကြေငြာချက်မှာ ပါရှိပါတယ်။

တစ်ဘက်မှာလည်း အီးယူဟာ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေကို ဆက်လက် ပေးအပ်နေပြီး၊ အခုနှစ်မှာ စစ်ဘေးရှောင် ပြည်သူတွေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေအတွက် ယူရိုငွေ ၂၄ သန်း တန်ဖိုးရှိ လူသားချင်း စာနာမှုအကူအညီတွေကို ပေးအပ်ခဲ့တဲ့အကြောင်း၊ သာမာန် အရပ်သား ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ယူရိုငွေ ၆၅ သန်း ကူညီပေးခဲ့တယ် လို့လည်း ကြေငြာချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။