အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ EU နိုင်ငံတွေနဲ့ အမေရိကန် ထုတ်ပြန်

2022.03.27
အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ EU နိုင်ငံတွေနဲ့ အမေရိကန် ထုတ်ပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား နေပြည်တော်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: AFP

အကြမ်းဖက်မှုတွေရပ်တန့်ပေးဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ပို့ဆောင်ပေးဖို့ စစ်ကောင်စီရဲ့တပ်မတော်နေ့ဖြစ်တဲ့ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ ဥရောပသမဂ္ဂ၊ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မတ်လ ၂၇ ရက် တပ်မတော်နေ့က အနည်းဆုံး လူ ၁၀၀ လောက်သတ်ဖြတ်ခံရတာတွေအပါအဝင် တစ်နှစ်တာအတွင်း သတ်ဖြတ်ခံရသူ တွေနဲ့ နေရပ်စွန့်ခွာရသူတွေကို အမှတ်ရနေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံအချို့ဟာ စစ်တပ်ကို လက်နက်တွေ ထောက်ပံ့နေဆဲဖြစ်တာကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် A / RES /75 /287 နဲ့အညီ မြန်မာစစ်ကောင်စီကို စစ်လက်နက်တွေ၊ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းတွေ ရောင်းချတာ၊ လွှဲပြောင်းတာ၊ နည်းပညာကူညီပေးတာတွေ ရပ်တန့်ပြီး မြန်မာပြည်သူတွေကို အားပေးထောက်ခံကြဖို့ တိုက်တွန်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီတောင်းဆိုချက်ကို အဲလ်ဘေးနီးယား၊ ဩစတြေးလျ၊ ဘော့စနီးယား၊ ဟာဇီဂိုဗီးနား၊ ကနေဒါ၊ ဂျော်ဂျီယာ၊ အိုက်စ်လန်၊ လက်ချင်စတိန်း၊ မာရှယ်အိုက်လန်၊ မက်ခရိုနီးရှား၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မက်ဆီ ဒိုးနီးယား (မြောက်)၊ နော်ဝေး၊ ကိုရီးယား၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ယူနိုက်တက် ကင်းဒမ်း စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့က မြို့ပေါင်း ၁၇၀ လောက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး အဲဒီထဲက ၇၃ မြို့မှာ စစ်ကောင်စီတပ် တွေရဲ့ အကြမ်းဖက် ဖြိုခွင်းသတ်ဖြတ်ခံရလို့ ပြည်သူ ၁၁၄ ယောက် သေဆုံးခဲ့ပြီး ၂၉၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ Data for Myanmar အဖွဲ့ကလည်း ဒီကနေ့ ထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။