မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်ရေးပေးမည့် အစီအစဉ် EU တင်သွင်း

အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်ရေးတွေ ပေးသွားဖို့ အစီအစဉ်တစ်ရပ်ကို တင်သွင်းလိုက်ပြီလို့ သိရပါတယ်။ အဲဒီအစီအစဉ်မှာ စစ်လက်နက်ခဲယမ်းတွေကလွဲရင် မြန်မာနိုင်ငံတင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို ဥရောပသမဂ္ဂ ဈေးကွက်ထဲကို အကောက်အခွန်မဲ့ တင်သွင်းခွင့် ပြုမယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။

2012.09.17

မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှေ့တိုးအောင်မြင်ဖို့အတွက် ကူညီတဲ့အနေနဲ့ ဒီအစီအစဉ်ကို လုပ်ဆောင်ဖို့ ရည်ရွယ်ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင် ကတည်းက ဒီအစီအစဉ်တွေ အောင်မြင်ဖို့အတွက် စီးပွားရေးအရ ကူညီထောက်ပံပေးဖို့ လိုအပ်မယ်ဆိုတာကို သိမြင်ခဲ့ကြောင်း ဥရောပသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီး ကာရဲလ် ဒီဂူချတ် Karel De Guchat ကပြောဆိုခဲ့ပါတယ်။

ကူးသန်းရောင်းဝယ်ရေးဟာ နိုင်ငံရေး တည်ငြိမ်မှုအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အတွက် ကမ္ဘာ့အကြီးဆုံး ဈေးကွက်ဖြစ်တဲ့ ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ခွင့်မှာ မြန်မာနိုင်ငံကို ဦးစားပေးမယ်ဆိုတဲ့ သဘောဖြစ်တယ်လို့လည်း သူကရှင်းပြခဲ့ပါတယ်။

ဒါပေမယ့် ဒီကုန်သွယ်ခွင့်မှာ စစ်လက်နက်တွေတော့ မပါဝင်ဘူးလို့လည်း ဆိုပါတယ်။ အရင် မြန်မာစစ်အစိုးရတုန်းက နိုင်ငံတကာ သဘောတူညီချက်တွေကို မလိုက်နာဘဲ အဓမ္မ လုပ်အားပေး စေခိုင်းမှုတွေ ကျူးလွန်ခဲ့တဲ့အတွက် ၁၉၉၇ ခုနှစ်မှာ ဒီကုန်သွယ်ခွင့်ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။