ဥရောပသမဂ္ဂ သံအဖွဲ့ မောင်တောကို သွားမည်


2017.03.28
eu-sittwe-620.jpg ဥရောပသမဂ္ဂသံအဖွဲ့နဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းတို့ မတ်လ ၂၈ ရက်နေ့က စစ်တွေမြို့မှာ တွေ့ဆုံစဉ်
Photo: Min Thein Aung/RFA

ဥရောပသမဂ္ဂအဖွဲ့ EU သံမှူး Dr.Colin Steinbach ဦးဆောင်တဲ့ သံတမန် ၁ဝ ဦးဟာ လူ့အခွင့်အရေးချိုးဖောက် မှုတွေရှိနေတယ်လို့ စွပ်စွဲခံနေရတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို မနက်ဖြန်ကစတင်ပြီး မတ်လ ၃၁ ရက်နေ့ အထိ သွားရောက်လေ့လာကြမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂအဖွဲ့(EU)ရဲ့သံအဖွဲ့ဟာ ဒီနေ့ စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒေသ ဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း က ပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကရွေးချယ်ထားတဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အနေအထားတွေလာမေးတာပါ၊ သူတို့က စီမံကိန်းအကောင်အထည်ဖော်ရင် လိုအပ်တာတွေ ကူညီပေးမယ်လို့ပြောပါတယ်၊ ကျနော်တို့စီမံကိန်းကလည်း ပြည်ထောင်စုမှာ အတည်ပြုချက်တင်ထား တာဖြစ်တဲ့အတွက် အတည်ပြုပြီးမှ သူတို့တွေခေါ်ယူပြီးရှင်းပြတဲ့အနေအထား လုပ်လို့ရမှာပါ၊ အဲ့တော့မှပဲ သူတို့တွေဘယ်နေရာမှာ ဘယ်လိုလုပ်မယ်ဆိုတာကို သိရမှာဖြစ်ပါတယ်"

မောင်တောဒေသမှာ ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့ EU ရဲ့ သံတမန်တွေက မေးမြန်းတာတွေရှိခဲ့ပေမယ့် သက်ဆိုင်ရာဝန်ကြီးတွေ တွေ့ဆုံပွဲကို တက်ရောက်နိုင်ခြင်းမရှိ တာကြောင့် ဒီကိစ္စအပေါ် ဆွေးနွေးပြောကြားတာတွေ မဆောင်ရွက်နိုင်ခဲ့ဘူးလို့လည်း ဝန်ကြီးကပြောပါတယ်။

ဥရောပသမဂ္ဂအဖွဲ့(EU)ရဲ့ သံတမန်အဖွဲ့ဟာ ရခိုင်ပြည်နယ်လွှတ်တော်ရုံးမှာ လွှတ်တော်ဒုတိယဥက္ကဌ ဦးဖိုးမင်းနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

သံတမန်အဖွဲ့ဟာ မနက်ဖြန် စစ်တွေကနေ မောင်တောမြို့ကို ဆက်လက်သွားရောက်မှာဖြစ်ပြီး ဒေသအာဏာ ပိုင်တွေ၊ မွတ်ဆလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို နောက်နေ့တွေမှာတော့ ဦးရှည်ကျ၊ ကျားခေါင်းတောင်၊ ဒါးကြီးဇား၊ ရေခပ်ချောင်းခွဆုံ၊ ပွင့်ဖြူချောင်း၊ ကြက်ရိုးပြင်၊ လောင်းဒုံ၊ ငခူရ၊ ကျီးကန်းပြင် စတဲ့ကျေးရွာတွေကို ဆက်လက်သွားရောက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ခရီးစဉ်ရဲ့ နောက်ဆုံးနေ့မှာ စစ်တွေမြို့က ရွှေစေတီဆရာတော်ကြီးနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။