ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်နဲ့ ထောင်ဒဏ်ချတဲ့အပေါ် အီးယူရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မသမာမှုစွပ်စွဲချက်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်လိုက်တဲ့အပေါ် ဥရောပသမဂ္ဂ(EU) က မနေ့က စက်တင်ဘာ ၄ ရက် တနင်္ဂနွေနေ့မှာ ရှုတ်ချလိုက်ပါတယ်။
စစ်ကောင်စီဟာ တရားနည်းလမ်းမကျဘဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထပ်တိုး ပြစ်ဒဏ်တွေ ချမှတ်တာလို့ EU ရဲ့ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
"တရားနည်းလမ်းမကျဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ထပ်တိုးပြစ်ဒဏ် ချလိုက်တဲ့အပေါ် အီးယူအနေနဲ့ ရှုတ်ချပါတယ်။ သူမဟာ အခုဆိုရင် စွဲချက် ၁၁ ခုအတွက် နှစ် ၂၀ ထောင်ချခံရမှုနဲ့ ရင်ဆိုင်နေရသလို အမှုများစွာလည်း ကျန်ရှိနေပါသေးတယ်"
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အီးယူအနေနဲ့ စစ်ကောင်စီကို တောင်းဆိုတယ်လို့လည်း သူက ရေးသားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်အမှုအတွက် စစ်ကောင်စီရဲ့ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးကနေ စက်တင်ဘာ ၂ ရက်က အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်းအမှု ၁၉ ခု နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး အဲ့ဒီထဲက အမှု ၁၁ ခုအတွက် ထောင်ဒဏ်အနှစ် ၂၀ အထိ ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။