လက်နက်ကိုင်ပဋိက္ခ ဖြေရှင်းဖို့ မြန်မာအစိုးရ စိတ်ထက်သန်နေကြောင်း EU မဟာမင်းကြီးပြော

မြန်မာအစိုးရသစ်အနေနဲ့ တိုင်းရင်းသားအင်အားစု တွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်း အဆုံးသတ်စေဖို့ စိတ်အားထက်သန်မှု ရှိနေကြောင်း မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ EU ဥရောပသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး မဟာမင်းကြီး Kristalina Georgieva က ဒီကနေ့ ဘန်ကောက်မြို့မှာ ပြောကြားလိုက်ပါတယ်။

2011.09.11

မြန်မာအစိုးရ နယ်စပ်ရေးရာဝန်ကြီး အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် အလေးအနက် ယုံကြည်မှု ရှိနေကြောင်း၊ ပြည်တွင်း ငြိမ်ချမ်းရေး ရရှိဖို့အတွက် တိုင်းရင်းသား လူမျိုးစုတွေကို တရားမျှတစွာ ဆက်ဆံဖို့နဲ့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ပေးမှ ရနိုင်မယ်လို့ ယုံကြည်ကြောင်း မြန်မာဝန်ကြီးက ပြောဆိုခဲ့တယ်လို့ EU မဟာမင်းကြီးက ပြန်လည်ပြောဆိုပါတယ်။

အခုလို EU မဟာမင်းကြီးရဲ့ ပြန်လည်ပြောဆိုချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား ၁၁ ဖွဲ့ ပါဝင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာက အခုလို ပြောဆိုပါတယ်။

“ဒါက လက်ရှိအစိုးရ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် တဖက်ကလည်း ပြင်ဆင်ထားတယ်၊ ကျနော်တို့ဘက်ကလည်း ကြိုဆိုပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး သဘောမျိုး ဖြစ်စေချင်တယ်။ ငြိမ်းချမ်းရေးကို လိုချင်ရင် နိုင်ငံရေးအရ မကျေလည်မှုတွေကို အရင် ဖြေရှင်းတာ ပိုပြီးတော့ ကောင်းမယ်။ အဲဒါတွေကို အရင်လိုက်လျောပါလို့ ကျနော်တို့ ပြောချင်ပါတယ်”

EU လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူပေးရေး မဟာမင်းကြီးဟာ ပြီးခဲ့တဲ့ သောကြာနေ့နဲ့ စနေနေ့တွေမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး အပါအဝင် လက်ရှိအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အလားတူပဲ လာမယ့်လ အနည်းငယ်အတွင်း တိုင်းရင်းသား အင်အားစုတွေနဲ့ ငြိမ်းချမ်းရေးအတွက် လေးနက်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မြန်မာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးက ပြောဆိုခဲ့တယ်လို့ ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr. David Lipman ကလည်း DPI သတင်းဌာနကို ဒီကနေ့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဥရောပ အရာရှိတွေက ပြောတဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး သဘောထားနဲ့ ပတ်သက်ပြီး UNFC က နိုင်ဟံသာကို RFA က ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။