ရိုဟင်ဂျာတွေနဲ့ မြန်မာဒုက္ခသည်တွေကို ယူရို ၆၅ သန်းကျော် ထောက်ပံ့သွားမယ်လို့ EU ထုတ်ပြန်
2025.03.03

ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ယူရိုငွေ ၆၅ သန်းကျော် ထောက်ပံ့ကူညီသွားမယ်လို့ ဥရောပသမဂ္ဂ (EU) က မတ်လ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင် အကျပ်အတည်းကြုံနေရတဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှက နိုင်ငံတွေကို EU က ယူရို ၇၆ သန်း ထောက်ပံ့သွားမယ်လို့ ကြေညာတာပါ။
အဲဒီအထဲက ယူရို ၃၂ ဒသမ ၃ သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေကို ထောက်ပံ့မှာဖြစ်ပြီး ၃၃ သန်းကိုတော့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် ထိခိုက်ကြရသူတွေကို ထောက်ပံ့သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျန်တဲ့ ယူရို ၁ဝ သန်းကျော်ကိုတော့ ဒေသတွင်းနိုင်ငံတချို့က ဒုက္ခသည်တွေအပါအဝင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ထောက်ပံ့ငွေကို ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွင်း စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးအပါအဝင် ရေနဲ့မိလ္လာပိုင်းဆိုင်ရာအတွက် အသုံးပြုသွားမှာဖြစ်ကြောင်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွက် ရန်ပုံငွေကိုတော့ အရေးပေါ်စားနပ်ရိက္ခာရရှိရေးကို ဦးစားပေးထားပြီး စစ်ဘေးဒုက္ခသည်တွေ နေထိုင်ဖို့ နေရာထိုင်ခင်းအပါအဝင် သန့်ရှင်းတဲ့ ရေရရှိရေးနဲ့ မိလ္လာပိုင်းဆိုင်ရာအတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျန်းမာရေးနဲ့ ပညာရေး၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ရသူတွေကို ထောက်ပံ့ရေးနဲ့ အသိပညာပေးရေးလုပ်ငန်းတွေအပါအဝင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်နိုင်ရေးအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။