ပိတ်ဆို့အရေးယူမှုရှိပေမဲ့ မြန်မာကျွန်းသစ်ကို ပိုလန်က ဆက်လက်ဝယ်ယူနေ
2025.02.21

စစ်တပ်အာဏာသိမ်းပြီးနောက် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားပေမဲ့ ပိုလန်နိုင်ငံဟာ မြန်မာက ကျွန်းသစ်တွေကို ဆက်လက်ဝယ်ယူနေတယ်လို့ အမေရိကန် သတင်းဝက်ဆိုက် MONGABAY က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာဖော်ပြပါတယ်။
ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ClientEarth က ဒီကိစ္စကို စစ်ဆေးအရေးယူပေးဖို့ ပိုလန် သစ်ကုန်သွယ်ရေး အာဏာပိုင်တွေကို ပြီးခဲ့တဲ့လက တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ပိုလန်နိုင်ငံ ဗဟိုစာရင်းအင်းဌာနရဲ့ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်က ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက ဒေါ်လာ ၁၁ ဒသမ ၅ သန်းတန်ဖိုးရှိတဲ့ သစ်တွေကို တင်သွင်းခဲ့ပြီး အများစုက ကျွန်းသစ် ဖြစ်တယ်လို့ဖော်ပြပါတယ်။
သစ်ကုန်သွယ်မှု ဆက်ရှိနေတာဟာ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်ရုံသာမက အဖွဲ့ဝင် ပိုလန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ သစ်ကုန်သွယ်ရေး ဥပဒေစည်းမျဉ်းတွေကိုလည်း ဖောက်ဖျက်ရာရောက်တယ်လို့ ClientEarth ပြောထားပါတယ်။
တရားဝင်ဖြစ်မဖြစ် ဆုံးဖြတ်ဖို့မဖြစ်နိုင်တာကြောင့် မြန်မာနိုင်ငံက သစ်ကုန်သွယ်မှုဟာ ဥရောပသမဂ္ဂရဲ့ သစ်ကုန်သွယ်ရေး ဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်တယ်လို့ ဥရောပသမဂ္ဂက ၂၀၂၀ ပြည့်နှစ်မှာ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက သစ်တွေကို ပိုလန်အပြင် တခြားဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကလည်း ဆက်လက်တင်သွင်း နေတယ်လို့ ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတွေက မြန်မာနိုင်ငံရဲ့ သစ်တောတွေဟာ ၂၀၃၅ ခုနှစ်မတိုင်ခင် ပြုန်းတီးသွားနိုင်တယ်လို့ ခန့်မှန်းထားကြောင်း MONGABAY က ဖော်ပြထားပါတယ်။