ကားမှောက်မှုှ သေသူများအတွက် အာမခံကြေး ၃၀ သိန်းစီ ရမည်
2015.06.01

ရန်ကုန် - မန္တလေး အမြန်လမ်း မှတ်တိုင်အမှတ် ၃၅၇ မှာ မနေ့က Elite ခရီးသည်တင်ကား တိမ်းမှောက် မှုကြောင့် သေဆုံးသူ ၅ ဦးအတွက် အသက်အာမခံကြေး ငွေကျပ် သိန်း ၃၀စီ ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။
Elite ခရီးသည်တင်ယာဉ်လိုင်းက ချိတ်ဆက်ထားတဲ့ Grand Guardian အာမခံကုမ္ပဏီက ပေးအပ်သွားမှာဖြစ်တယ် လို့ ကုမ္ပဏီရဲ့ မန္တလေး မန်နေဂျာ ကိုကျော်မင်းထွန်း က ပြောပါတယ်။
"သေဆုံးမှုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အမြန်ဆုံးလျော်ကြေးပေးဖို့အတွက် ဆောင်ရွက်နေပါ တယ်၊ လျော်ကြေးငွေအဖြစ် သိန်း ၃ဝ ပေးမှာပါ၊ ဒဏ်ရာရတဲ့သူကတော့ ဒဏ်ရာရတဲ့အပေါ် မူတည်ပြီး လျော်ကြေးပေးမှာပါခင်ဗျ၊ ဒီဖက်ကနေ လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားတွေ အမြန်ဆုံးလုပ်နေပါတယ်"
အဲဒီခရီးသည်တင်ကားဟာ ရန်ကုန်ကနေ ပြင်ဦးလွင်မြို့ကို အသွား မိုင်တိုင်အမှတ် ၃၅၇ မှာ ယာဉ်တိမ်းမှောက်ပြီး ယာဉ်ပေါ်လိုက်လာသူတွေထဲက ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ၅ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရရှိသူ ၁၅ ဦးထဲက ၆ဦးဟာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။