ရန်ကုန် ပြင်ဦးလွင် ကားမှောက် ငါးဦးသေဆုံး


2015.05.31
elite-car-accident-620.jpg ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၃၅၇ မှာ မေလ ၃၁ ရက်နေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့တဲ့ Elite ကားကိုတွေ့ရစဉ်။
Photo: MOI Webportal Myanmar/ Facebook

ရန်ကုန်ကနေ ပြင်ဦးလွင်မြို့ကိုသွားတဲ့ Elite ခရီးသည်တင်ကားဟာ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၃၅၇ မှာ မနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၅ ဦးသေဆုံးခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာကို သွားရောက်ပြီး ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ အမြန်လမ်း အင်ဂျင်နီယာရုံးက အမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးက သူမြင်တွေ့ခဲ့ ရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"ဒီလောက်အဝိုင်းကြီးကတော့ အိပ်ငိုက်ပြီးမောင်းတဲ့ အနေအထားမျိုးတွေ့ရပါတယ် ခင်ဗျ၊ ခန့်မှန်းလို့ရတာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက် အဝိုင်းကြီးကို တည့်တည့်ကြီးတိုက်တာကိုး၊ တရားခံလည်းမိထားပြီးပြီ၊ အခင်းဖြစ်တဲ့အချိန်မှာ ကယ်ဆယ်ရေးတွေဘာတွေနဲ့ ရှုပ်ထွေးနေတော့ ယာဉ်မောင်း ၂ ယောက်လုံးကိုတော့ မတွေ့ရဘူးပေါ့၊ ဒါပေမယ့် မနက် ၆ နာရီ ၄၀ မှာ ယာဉ်မောင်းကလာအဖမ်းခံတယ်၊ အမြန်လမ်းမကြီး ရဲစခန်းမှာပါ"

ကားပေါ်မှာခရီးသည် စုစုပေါင်း ၃၅ ဦးလိုက်ပါလာခဲ့ပါတယ်။ အခင်းဖြစ်မှုမှာ အမျိုးသားတစ်ဦး အမျိုးသမီး ၄ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူ ၁၅ ဦးကို တံတားဦး ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

Elite ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းအနေနဲ့ သေဆုံး၊ ဒဏ်ရာရသူတွေနဲ့ ကားပေါ်ပါ လာသူ ခရီးသည်တွေ ကို တာဝန်ယူဆောင်ရွက်ပေးဖို့ ကော်မတီဖွဲ့ စီစဉ်ထားကြောင်း အဲဒီယာဉ်လိုင်းက စီမံခန့်ခွဲမှုမန်နေဂျာ ဦးချမ်းငြိမ်းဝင်းက ပြောပါတယ်။

"ကျနော်တို့က အစအဆုံးပြီးတဲ့ထိ တာဝန်ယူပေးသွားမှာပါ၊ ကော်မတီဖွဲ့ပြီး လုပ်လိုက်တာပါ၊ လူနာရှင်တွေ ကိစ္စကို တာဝန်ယူပြီးတော့ လုပ်ပေးရမယ်၊ မိသားစုတွေရဲ့သဘောဆန္ဒပေါ့၊ သေဆုံးသူတွေရဲ့ခန္ဓာကိုယ်ကို ဒီမှာပဲသြင်္ဂိုဟ်ချင်လား၊ ဒါမှမဟုတ် ဘယ်ကိုသယ်ချင်လဲ ကျနော်တို့ အကုန်လုံး လုပ်ပေး မှာပါ၊ လျော်ကြေးပေးဖို့ကတော့ ကုမ္ပဏီကနေ စီစဉ်ပေးပါလိမ့်မယ်၊ အာမခံနဲ့လည်း ချိတ်ဆက်ထားတာ ရှိပါတယ်၊ Grand Guardianနဲ့လည်း အာမခံ ထားပါတယ်"

အဲဒီ ခရီးသည်တင်ကားယာဉ်မောင်းဟာ တံတားဦးမြို့နယ် စကားအင်းရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။