ထောင်ဆရာဝန် မလာတဲ့အတွက် အမှုကိုရွှေ့ဆိုင်း
2016.12.15

အလဲဗင်းမီဒီယာ CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တရားရုံးမှာ သက်သေအဖြစ် ထွက်ဆိုမယ့် ထောင်ဆရာဝန်က ထောင်တွင်းမှာလူနာတွေ အရမ်းများနေလို့ဆိုပြီး တရားရုံးကို မလာရောက်နိုင် တဲ့အတွက် လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။
ဒီကနေ့ ရုံးချိန်းကို သက်သေအဖြစ် လာရမယ့် ဆရာဝန် မလာရောက်တာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က သက်သေဘက်က ကင်းလွတ်ခွင့်လျှောက်တာဟာ သူ့လုပ်သက်တစ်လျှောက် မကြုံဖူးဘူးလို့ ပြော ပါတယ်။
"သူတို့ထောင်မှာ အကျဉ်းသားတွေ အများကြီးပေါ့၊ သောင်းနဲ့ချီရှိနေတယ်၊ ဆရာဝန်တွေဟာ အလုပ်တွေများနေ တယ်ပေါ့၊ ဒါကြောင့် ကင်းလွတ်ခွင့်ပေးပါပေါ့၊ သူတို့မလာနိုင်ဘူးပေါ့၊ သက်သေက ရုံးလာဖို့ ကင်းလွတ် ခွင့်တောင်းတယ်ဆိုတာ ဆရာတို့အတွေ့အကြုံအရ တခါမှမရှိပါဘူး"
အဲဒီ ထောင်ဆရာဝန်ကို တရားရုံးက စာနဲ့ဆက်သွယ်မေးမြန်းသွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၂၂ ရက် ရုံးချိန်းမှာ ဒေါက်တာသန်းထွဋ်အောင် ကို အာမခံပေးဖို့/မပေးဖို့ စဉ်းစားမယ်လို့သိရပါတယ်။
ဒေါက်တာသန်းထွဋ်အောင်ဟာ ကျန်းမာရေးမကောင်းလို့ဆိုပြီး ဒီကနေ့ ရုံးချိန်းကို ဘီးတပ်ကုလားထိုင်နဲ့ လာရောက်ခဲ့ရပါတယ်။
ရန်ကုန်ုတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုအဖြစ် Eleven Media Group ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်တစ်ဦးဟာ ကျပ်သိန်းတစ်ထောင်ကျော်တန် Patek Phillipe နာရီကို လက်ဆောင်အဖြစ် ယူတယ်လို့ Eleven က ရေးသားခဲ့တဲ့အတွက် ဘယ်သူဆိုတာ အတိအကျပြောဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က တောင်းဆိုရာမှာ မပြောခဲ့တဲ့အတွက် အစိုးရဘက်က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီကနေ့ရုံးချိန်းဟာ တတိယအကြိမ်ဖြစ်ပြီး နှစ်ဘက်စလုံးကို ခုထိ စတင်စစ်ဆေးတာ မရှိသေးပါဘူး။