ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို Eleven တောင်းပန်


2016.12.27
eleven-apology-620.jpg ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို Eleven Media Group က တောင်းပန်ထားတဲ့စာကို တွေ့ရစဉ်
.

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အမှုရင်ဆိုင်နေရပြီး လက်ရှိအင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ Eleven မီဒီယာဂရု CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ကို ပြန်လည်တောင်းပန်လိုက်ပါတယ်။

အခုလိုတောင်းပန်ထားပေမယ့် ရှေ့နေပါဝါကို မရုပ်သိမ်းရသေးတဲ့အတွက် လာမယ့် ဒီဇင်ဘာလ ၃၀ရက်နေ့ ရုံးချိန်းမှာ အမှုကို ဆက်လက်စစ်ဆေးရမှာဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူ နှစ်ဦးအတွက် အမှုကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ ဦးကြီးမြင့် က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ထုတ် Daily Eleven သတင်းစာမှာ ''ရွေးကောက်ပွဲ တစ်နှစ်ကြာသော်'' ဆိုတဲ့ အယ်ဒီတာ့အာဘော်မှာ ဝန်ကြီးချုပ်တစ်ဦးဟာ ကျပ်သိန်းတစ်ထောင်ကျော်တန် Patek Phillipe နာရီကို လက်ဆောင်ယူတယ်လို့ ရေးသားထားသလို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီလို မှားယွင်းရေးသားဖော်ပြခဲ့မိတဲ့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့အပါအဝင် ထိခိုက်နစ်နာမှုဖြစ်စေခဲ့သူတွေအားလုံးကို Eleven မီဒီယာဂရုက နောက်နောင် အခုလိုမလုပ်ဆောင်ပါဆိုပြီး ဝန်ခံချက်နဲ့အတူ အနူးအညွတ် ဝန်ချတောင်းပန်ကြောင်း ဒီကနေ့ထုတ် Daily Eleven သတင်းစာမှာ ဖော်ပြထား တာဖြစ်ပါတယ်။

ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ဟာ ရုံးချိန်း လေးကြိမ်မြောက်ရှိခဲ့ပြီး ကျန်းမာရေး အခြေအနေအရ အာမခံရဖို့အတွက် တရားရုံးကို အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် ပယ်ချခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။