တောင်းပန်ရတဲ့အကြောင်း ကို ဒေါက်တာ သန်းထွဋ်အောင် ပြော
2016.12.30

Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင် က သတင်းစာမှာ တရားဝင် တောင်းပန်လိုက်တာဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့်အပြင် လက်ရှိအစိုးရဟာ ကိုယ်တိုင်ချစ်လို့ တင်ထားတဲ့ အစိုးရဖြစ်တာကြောင့် အဲဒီလို တောင်းပန်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒီကနေ့ တာမွေမြို့နယ်တရားရုံး ရုံးချိန်းမှာ သတင်းမီဒီယာသမားတွေကို ပြောလိုက်တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အနူးအညွတ် တောင်းပန်ကြောင်းနဲ့ သူတို့ဖေါ်ပြခဲ့တာတွေဟာ အခြေအမြစ်မရှိကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့ကစပြီး ဒီကနေ့အထိ Eleven သတင်းစာမှာ နေ့စဉ် တောင်းပန်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၂၇ ရက်နေ့က နိုင်ငံပိုင်သတင်း စာတွေမှာ တောင်းပန်စာတွေကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။
တတိယအကြိမ်မြောက် အာမခံလျှောက်ထားမှုကို တရားရုံးက ဒီကနေ့ရုံးချိန်းမှာ ထပ်မံပယ်ချလိုက်ပါတယ်။ အာမခံလျှောက်ထားမှုကို ပယ်ချလိုက်တဲ့အပြင် ဒေါက်တာသန်းထွဋ်အောင်ရဲ့ ကျန်းမာရေးအတွက် မြောက် ဥက္ကလာပဆေးရုံမှာ ပြသခွင့်တောင်းတာကိုလည်း ခွင့်မပြုဘူးလို့ Eleven ဘက်က ရှေ့နေဖြစ်တဲ့ တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ စတင်စစ်ဆေးခံရမယ့် တရားလိုဖြစ်တဲ့ ရန်ကုန်ုတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်း က နြေ့ပည်တော်မှာ အစည်းအဝေးရှိလို့ ဆိုပြီး မလာရောက်ခဲ့ပါဘူး။
ဝန်ကြီးချုပ်တစ်ဦးက ကျပ်သိန်းတစ်ထောင်ကျော်တန် နာရီကို လက်ဆောင်အဖြစ်ယူတယ်လို့ Eleven မီဒီယာရဲ့ CEO က ရေးသားခဲ့တဲ့ အယ်ဒီတာ့အာဘော်ပါကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုထား တာ ဖြစ်ပါတယ်။