Eleven မီဒီယာက ဒုတိယအကြိမ် အာမခံလျှောက်ထား


2016.12.09
thanhtutaung-eleven-dec9-620.jpg Eleven Media Group ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် ကို ဒီဇင်ဘာလ ၉ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: Thant Zin Oo

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ Eleven မီဒီယာ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ အတွက် ဒုတိယအကြိမ် အာမခံ လျှောက်ထားခဲ့ပါတယ်။

အာမခံပြန်လည်လျှောက်ထားမှုနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က အာမခံပေးသင့်တဲ့အတွက် ထပ်မံလျှောက်ထားတာလို့ ပြောပါတယ်။

"မျက်မြင်အတိုင်း အာမခံထပ်လျှောက်တယ်၊ တရားရုံးက ထောင်ဆရာဝန်ကိုစစ်ပြီးမှ ဆရာတို့ ဒီနေ့ အာမခံတင်တဲ့ကိစ္စ စဉ်စားမယ်ပြောတယ်၊ ၁၅ ရက်နေ့ ၁ဝ နာရီ ရုံးချိန်းပေးတယ်၊ ဆရာတို့က မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်က အာမခံပေးထားတဲ့လက်စရှိလို့ စစ်ပေးပါလို့ ဆရာတို့ကပြောတယ်၊ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ အာမခံပေးထားတယ်လေ၊ ဒီလိုပြန်ကြားရေးကစွဲတဲ့အမှုမှာ အဲ့ဒီတော့ အဲဒီအာမခံအတိုင်းခွင့်ပြုသင့်တယ်"

ဒီကနေ့ ရုံးထုတ်ခါနီးမှာ ဒေါက်တာသန်းထွဋ်အောင်ဟာ အင်းစိန်အကျဉ်းထောင်ထဲမှာ ချော်လဲခဲ့တဲ့အတွက် တာမွေမြို့နယ် တရားရုံးချိန်းကို လူနာတင်ယာဉ်နဲ့ လာရောက်ခဲ့ရပါတယ်။

အာမခံလျှောက်ထားတဲ့ကိစ္စအတွက် လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ရုံးချိန်းမှာ ထောင်ဆရာဝန်ကို စစ်ဆေးမယ် လို့ တရားသူကြီးက ပြောကြောင်း ဦးကြီးမြင့် က ပြောပါတယ်။

ရန်ကုန်ုတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်း က တရားလိုအဖြစ် Eleven Media Group ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆ဃ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်တစ်ဦးဟာ ကျပ်သိန်းတစ်ထောင်ကျော်တန် Patek Phillipe နာရီကို လက်ဆောင်အဖြစ်ယူတယ်လို့ Eleven က ရေးသားခဲ့တဲ့အတွက် ဘယ်သူဆိုတာ အတိအကျပြောဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တောင်းဆိုရာမှာ မပြောခဲ့တဲ့အတွက် အစိုးရဘက်က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ ရုံးထုတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး နှစ်ဖက်စလုံးကို စတင်စစ်ဆေးတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။