Eleven CEO နဲ့ အယ်ဒီတာချုပ် တို့ လျှောက်ထားတဲ့ အာမခံ ပယ်ချခံရ


2016.11.30
eleven-ceo-court-620.jpg Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်ကို နိုဝင်ဘာလ ၃၀ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ် လာစဉ်
Photo: Aung Thain Kha/ RFA

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ရဲ့ အာမခံလျှောက်ထားတာကို တာမွေမြို့နယ် တရားသူကြီးက ဒီနေ့ ပယ်ချလိုက်ပါတယ်။

ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ လျှောက်ထားတဲ့ ကျန်းမာရေးထောက်ခံချက်ဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနလက်အောက် က ဆေးရုံထောက်ခံချက် မဟုတ်ဘူးဆိုပြီး ပယ်ချလိုက်တာ ဖြစ်တယ်လို့ စွပ်စွဲခံရသူဘက်က အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ရုံးထုတ်အပြီးမှာ ပြောပါတယ်။

"အထက်အဆင့်မြင့်တဲ့ရုံးတွေကပေးတဲ့ ဆေးစာတွေကို ဒီရုံးက အသိအမှတ်မပြုဘူး၊ အသိအမှတ်မပြုတာက ဘာလဲဆိုရင် ဆေးရုံက ဆေးစာမဟုတ်လို့ပြောတယ်၊ အခုပေးတဲ့ဆရာဝန်ကြီးတွေကလည်း ဆေးရုံမှာလုပ်နေတဲ့ ဆရာဝန်ကြီးတွေ၊ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အစိုးရဆေးရုံက ဆရာဝန်ကြီးတွေ ကုပေးတဲ့မှတ်တမ်းတွေ ပဲ၊ အဲဒီအပေါ်မှာ ဒီရုံးက ငြင်းပယ်ခြင်းခံရတယ်"

ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ဟာ နှလုံးသွေးကြောကျဉ်း၊ အသဲအဆီဖုံး၊ အစာအိမ် စတဲ့ရောဂါတွေ ခံစားနေရတယ်ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က အာမခံလျှောက် ထားခဲ့တာဖြစ်ပါတယ်။

အာမခံကို အထက်တရားရုံးတွေအထိ ဆက်လက်တောင်းခံသွားမယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။ ဒေါက်တာ သန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ကို လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့မှာ ပြန်လည် ရုံးထုတ်မှာ ဖြစ်ပြီး တရားလိုဖက်က သက်သေကို စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ထုတ် Eleven သတင်းစာပါ "ရွေးကောက်ပွဲတစ်နှစ်ကြာသော်" အယ်ဒီတာ အာဘော်ပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်သွယ် ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။