မီတာခလျှော့ပေးထားပေမယ့် များများသုံးလျှင် များများဆောင်ရမည်
2020.05.15
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကိုရိုနာကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း၊ ဧပြီလအတွက် အိမ်သုံးအမျိုးအစားထဲမှာ ပါဝင်တဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွေကို ၁၅၀ ယူနစ်အထိ၊ အခမဲ့ သုံးစွဲခွင့် ပြုမယ်လို့ ဧပြီလ ၆ ရက်နေ့က ကြေညာခဲ့ပါတယ်။
ဒီ့အတွက် ပြည်သူအများစုက အခု ဧပြီလမှာ အရင်ကထက် မီတာခတွေ လျော့နည်းသွားမယ် လို့ ယူဆခဲ့ပေမယ့် လက်တွေ့မှာတော့ မီတာခကျသင့်ငွေ ဘေလ်တွေ ထွက်လာတဲ့အခါ အရင်ကထက် နှစ်ဆ၊ သုံးဆ မြင့်တက်သွားတဲ့အတွက် ဆိုရှယ်မီဒီယာ အင်တာနက် အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
ဒ့ါကြောင့် လျှပ်စစ် နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ သတင်းစာရှင်းပွဲလုပ်ခဲ့ပြီး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က “ယူနစ် ၁၅၀ အထက် အသုံးပြုရင်၊ တစ်ယူနစ်ကို ငွေကျပ် ၁၂၀ နှုန်းနဲ့ ကောက်ယူတာကြောင့်၊ အရင်ထက်ပိုပြီး မီတာခတွေ မြင့်တက်လာတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
"ကျတော်တို့ရဲ့ အဓိကအခြေခံတာက ဆင်းရဲသားမိသားစု၊ ဆိုလိုတဲ့သဘောက လက်လုပ်လက်စားမိသားစု၊ ခုနကတင်ပြခဲ့တဲ့ မီးချောင်း ၃ ချောင်းသုံးမယ်၊ ထမင်းချက်တဲ့အိုးတစ်လုံးသုံးမယ် ဒါကို အခြေခံပြီးတော့ ၁၅၀ ယူနစ်ဆိုတာ ဘယ်လောက်အတိုင်းအတာအထိ၊ ဘယ်မိသားစုလောက်အထိသွားနိုင်မလဲဆိုတာကို ၁၅၀ ယူနစ်ကို ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ပိုင်းက ၁၅၀ ယူနစ်ကို စပြီးတော့ နှုန်းထား သတ်မှတ်သွားကတည်းကိုက ကျတော်တို့စပြီးတော့ ပြည်သူကို ကြေညာကတည်းက ဒီအတိုင်း အသေးစိတ်ထည့်ပြီးတော့ ကြေညာခဲ့တာပါ။ ၁၅၀ ယူနစ်ကို လျှော့ပေးတယ်။ ဆိုလိုတာက နိုင်ငံတော်၊ ကော်မတီဆိုတာကတော့ မူဝါဒနဲ့ ၁၅၀ ယူနစ်လို့ သုံးတာ။ ကျတော်တို့က ကော်မတီရဲ့ ညွှန်ကြားချက်ကို လိုက်နာပေးရတဲ့ အစိုးရရဲ့ ၀န်ကြီးဌာနပါ"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီရဲ့ ထုတ်ပြန်ချက်ကို ဝန်ကြီးဌာနဘက်က မလိုက်နာတာ မဟုတ်ဘဲ၊ အဲဒီထုတ်ပြန်ချက်ပေါ် အခြေခံပြီး အရင်ကရှိထားတဲ့ မီတာခကောက်ယူတဲ့ စည်းကမ်းချက်တွေအတိုင်း ဆောင်ရွက်ခဲ့တာလို့ သတင်းထောက်တွေရဲ့ မေးခွန်းကို ဦးစိုးမြင့်က တုံ့ပြန်ပါတယ်။
သာမန်ပြည်သူတွေကတော့ ကိုယ်သုံးစွဲတဲ့ စုစုပေါင်း ယူနစ်ထဲကနေ လျှော့ပေးမယ်ဆိုတဲ့ ယူနစ် ၁၅၀ ကိုနှုတ်ပြီး၊ ကျန်ယူနစ်အတွက်သာ ပေးဆောင်ရမှာလို့ မူလက နားလည်ထားတာပါ။
ဒါပေမဲ့ လျှပ်စစ်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်ရဲ့ ရှင်းပြချက်အရ ယူနစ် ၁၅၀ ကိုလျှော့ပေးတာ မဟုတ်ဘဲ၊ ယူနစ် ၁၅၀ အတွက် ကျသင့်တဲ့ ငွေကျပ် တစ်သောင်းတစ်ထောင် ငါးရာ့ ငါးဆယ် ( ၁၁၅၅၀ ) ကိုသာ အခမဲ့ လျှော့ပေါ့ပေးတာ ဖြစ်ပါတယ်။ ၁၅၀ ယူနစ်အထက် များများသုံးစွဲသူတွေအနေနဲ့ ယူနစ် ၁၅၁ ကစပြီး တစ်ယူနစ်ကို ၁၂၀ ကျပ်နှုန်းနဲ့အထက် ပေးဆောင်ရမယ်ဆိုတာကို၊ ဧပြီလ ရ ရက်နေ့ကတည်းက ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့ လည်း ဦးစိုးမြင့်က ပြောပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတစ်ခုက ဝန်ထမ်းဖြစ်သူ ဒေါ်ခင်ငြိမ်းသစ်က မီတာခတွေ ပုံမှန်ထက်ကျသင့်တဲ့အပေါ် သူ့အမြင်ကို ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ကတော့ ဟုတ်တယ်။ စေတနာနဲ့တော့ လုပ်ပေးသွားတယ်။ လုပ်ပေးသွားတဲ့ နောက်မှာ နောက်ကနေပြီးတော့ ထပ်ပြီးတော့ လိုက်နာတဲ့ EPC ပေါ့နော်။ MOEE တို့ ဘာတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေတနာကို အဖတ်တင်အောင်လို့ လုပ်ပေးသင့်တယ်။ ဘာလို့လဲဆိုတော့ မီတာနဲ့ ပတ်သက်ရင် အစထဲကလဲ ပွင့်လင်းမြင်သာမှုမရှိတဲ့ အကြောင်းကို အကုန်လုံးကလည်း ပြောနေတယ်။ ဒီမီတာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုကို ဘယ်လိုလုပ်ပေးမလဲဆိုတာက အရေးကြီးတယ်။"
ပုံမှန်အားဖြင့် အရင်က မီတာခ တစ်လကို ငွေကျပ် ခြောက်ထောင်လောက်သာ ပေးဆောင်ရပေမယ့် ဒီဧပြီလမှာလည်း လျှပ်စစ်ကို တိုးမြှင့် အသုံးပြုခဲ့တာမရှိဘဲ ငွေကျပ် တစ်သောင်းခုနှစ်ထောင်လောက်အထိ သုံးဆခန့်တက်သွားတယ်လို့ သူက ပြောပါတယ်။
ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်ကတော့ ဒီဧပြီလအတွက် မီတာခနှုန်းထားတွေ ထွက်လာတဲ့အပေါ် ကျေနပ်မူမရှိရင်၊ သက်ဆိုင်ရာ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနကို တိုင်ကြားနိုင်ပြီး တာဝန်ရှိသူတွေက လာရောက် ဖြေရှင်းပေးမယ်လို့ ဆိုပါတယ်။
လျှပ်စစ်မီတာဖတ်တဲ့ ဝန်ထမ်းအင်အား မလုံလောက်တာရယ်၊ မီတာဖတ်တဲ့ နည်းပညာက ရှုပ်ထွေးပြီး အားနည်းတာရယ်ကြောင့်၊ လျှပ်စစ်ဝန်ကြီးဌာနဘက်က ချို့ယွင်းချက်တွေရ ရှိကောင်းရှိနိုင်ပါတယ်လို့လည်း ဦးစိုးမြင့်က ပြောပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းတွေ တိုးချဲ့ ခန့်အပ်ဖို့ တင်ပြခဲ့ပြီး၊ ခွင့်ပြုချက်လည်း ရထားပြီလို့ ဦးစိုးမြင့်က ဆိုပါတယ်။
တဆက်တည်းမှာပဲ လက်ကိုင်ဖုန်းတွေကနေ မီတာအသုံးပြုခအတွက် ကျသင့်ငွေ ဘေလ်ကို ကိုယ်တိုင် ကြည့်နိုင်ပြီး၊ တယ်လီဖုန်းတွေကနေ မီတာခ ပေးသွင်းနိုင်မယ့် ခေတ်မီနည်းစနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်လို့လည်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ရှင်းပြသွားပါတယ်။