မီတာခမဆောင်ရင် အမှုဖွင့်မယ်လို့ ခြိမ်းခြောက်
နေပြည်တော် ပျဉ်းမနားမြို့နယ်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲခတွေကို ကာလရှည်မပေး ဆောင်တဲ့ အိမ်တွေက မီတာပုံးတွေကို ဖြုတ်သိမ်းပြီး တစ်ပတ်အတွင်း ဓာတ်အားခမ ဆောင်ဘူးဆိုရင် ရဲစခန်းမှာ အမှုဖွင့်မယ်လို့ ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက ဇွန်လ ၈ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ပြည်သူတွေ အခက်အခဲတွေဖြစ်အောင် ခြိမ်းခြောက်နေတာလို့ ပျဉ်းမနားမြို့ခံတစ်ဦးက ပြောပါတယ်။
“တချို့က နိုင်ငံရေးအရ မပေးဆောင်တာ၊ တချို့ကလည်း ဒီကာလမှာ စားဖို့တောင် အဆင်မပြေဖြစ်နေတော့ မီတာဘေလ် မဆောင်နိုင်ကြဘူး။ အခုလိုလုပ်တာက တမင် သက်သက် ခြိမ်းခြောက်တာ။ ပြည်သူတွေကို အခက်အခဲဖြစ်အောင် တစ်ရစ်ချင်းကျပ် လာတဲ့သဘောပဲ”
လာမယ့် တနင်္လာနေ့ ဇွန်လ ၁၃ ရက်နေ့မှာ စတင်လုပ်ဆောင်တော့မှာဖြစ်ပြီး မီတာခ မဆောင်တဲ့သူ တွေကို အမှန်တကယ် အမှုဖွင့်အရေးယူတာတွေ လုပ်မယ်ဆိုတဲ့ သတင်း တွေလည်း ထွက်ပေါ်နေပါ တယ်။
ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံခြင်း မရှိခဲ့ပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် နိုင်ငံအနှံ့အပြားမှာ လျှပ်စစ်ဓာတ်အားခ မပေးဆောင်တဲ့ လှုပ်ရှား မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တာပါ။
လက်ရှိမှာ လျှပ်စစ်ဓာတ်အား မလုံလောက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ကြီးတွေမှာ စစ်ကောင်စီက လျှပ်စစ်မီးကို ၂၄ နာရီ အချိန်ပြည့်မပေးနိုင်ဘဲ အလှည့်ကျနဲ့ ဖြန့်ဖြူးပေး နေပါတယ်။