မြန်မာက ကျားဖြန့်လုပ်ငန်းတွေကို လျှပ်စစ်မီး မပေးထားကြောင်း လာအိုပြော
2025.02.13

မြန်မာနိုင်ငံကို လျှပ်စစ်မီးပေးရာမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေက အသုံးပြုနေတာမရှိဘူးလို့ လာအိုအစိုးရပိုင် လျှပ်စစ်ဓာတ်အားပေး ကော်ပရေးရှင်း (EDL) က အတည်ပြုကြောင်း မလေးရှားသတင်း The Star က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖော်ပြပါတယ်။
ဒေသခံ၊ အသေးစား စီးပွားရေးလုပ်ငန်း၊ အစိုးရဌာနဆိုင်ရာတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံ စတဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အသုံးပြုသူတွေကိုသာ လျှပ်စစ်မီးပေးနေတာဖြစ်ကြောင်း EDL က ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အတည်ပြုခဲ့တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံက ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ကို လျှစ်စစ်မီးပေးတာ ဖြတ်တောက်ခဲ့ပြီးနောက် လာအိုရဲ့ လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲမှု ၂၇ မဂ္ဂါဝပ်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တာချီလိတ်မြို့ကိုပေးနေတဲ့ လျှပ်စစ်ဓာတ်အားကို ကျားဖြန့်လုပ်ငန်းတွေ အသုံးပြုမှုကတားဆီးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ EDL က လျှပ်စစ်ဓာတ်အား ၁၃ မဂ္ဂါဝပ်အထိ ထက်ဝက်လျှော့ချပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
EDL ဟာ မြန်မာနိုင်ငံဘက်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနဲ့ လျှပ်စစ်ဓာတ်အားရောင်းချမှုအတွက် ၂၀၂၁ ခုနှစ်က သဘောတူလက်မှတ်ထိုးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလက စတင်ပြီး လျှပ်စစ်မီးပေးနေတာလို့ ဖော်ပြပါတယ်။
သဘောတူညီချက်အရ EDL အနေနဲ့ တာချီလိတ်ကို ၃၀ မဂ္ဂါဝပ်ထက်မပိုတဲ့ လျှပ်စစ်မီး ပေးရမှာဖြစ်ပေမဲ့ လက်တွေ့မှာ ပျမ်းမျှ ၁၃ မဂ္ဂါဝပ်သာ ရောင်းချနေပြီး ကျန်တဲ့ ၁၅ မဂ္ဂါဝပ်ကို ထိုင်းနိုင်ငံက ရရှိနေတာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကလည်း ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် မြန်မာပြည်တွင်း နေရာငါးခုကို လျှပ်စစ်မီး ဖြန့်ဖြူးရေးလုပ်ငန်းတွေ ဖေဖော်ဝါရီ ၅ ရက်နေ့မှာစတင် ရပ်ဆိုင်းထားပါတယ်။