ကျားဖြန့်ဂိုဏ်းတွေရဲ့ စည်းရုံးလိမ်လည်မှုကို အထူးဂရုပြုဖို့ ဂျပန်သံရုံး သတိပေး
2025.02.28

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေမှာ အတင်းအကျပ် စေခိုင်းခံရတဲ့ ဖြစ်ရပ်တွေ ရှိနေတာကြောင့် ဂျပန်နိုင်ငံသားတွေအနေနဲ့ အထူးသတိပြုဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံသားတွေကို လိမ်လည်သူတွေက အွန်လိုင်းဂိမ်း၊ လူမှုကွန်ရက် စတဲ့ အဆက်အသွယ်တွေကတစ်ဆင့် ထိုင်း၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေမှာ အလုပ်ရမယ်ဆိုပြီး ဆွဲဆောင်ခေါ်ယူပြီးနောက် မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းတွေမှာ စေခိုင်းခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ကျားဖြန့်ဂိုဏ်းတွေမှာ အတင်းအကျပ် စေခိုင်းခံရသလို သတ်မှတ်ခွဲတမ်းမပြည့်မီရင် ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဖြစ်ရပ်တွေလည်းရှိတယ်လို့ ဂျပန်သံရုံးက ပြောပါတယ်။
ဂျပန်နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ ဂျပန်နိုင်ငံသားတွေတင်မက ဂျပန်ဘာသာစကား တတ်ကျွမ်းတဲ့ မြန်မာနိုင်ငံသားတွေကိုပါ အသုံးချဖို့ ရည်ရွယ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် အွန်လိုင်းကတစ်ဆင့် သိကျွမ်းပြီး အပြင်မှာ တွေ့ဆုံဖူးခြင်းမရှိတဲ့ အသိမိတ်ဆွေတွေက အလုပ်လုပ်ကိုင်ဖို့ ဆွဲဆောင်လာတဲ့အခါ မိသားစု၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့ကို အသိပေးကြဖို့နဲ့ အလိမ်မခံရအောင် သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။
မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေမှာရှိနေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က လတ်တလောမှာ ဂျပန်နိုင်ငံသားတစ်ဦးကို ရှာဖွေထိန်းသိမ်းထားတယ်လို့ RFA ကို ပြောပါတယ်။
“အသက် ၃၇ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ဦးကို တွေ့ရှိထားပါတယ်။ ဒီနေ့တော့ စည်းကမ်းထိန်းသိမ်းရေး ရုံးကိုလာပါလိမ့်မယ်။ ဂျပန်သံရုံးဘက်ကလည်း ဒီကိစ္စမှာ မေးမြန်းမှုတွေ ရှိတာကြောင့် ကျွန်တော်တို့လည်း ကြိုးစားရှာဖွေနေပါတယ်”
မြ၀တီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေမှာ ရှိနေတယ်လို့ ယူဆရတဲ့ ဂျပန်နိုင်ငံသား နှစ်ဆယ်ခန့်ဟာ ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘဲ ပျောက်ဆုံးနေကြောင်း Japan Today က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။
မြဝတီမြို့တွင်းနဲ့ KK park၊ AA Park၊ ဧကတစ်ရာက တရုတ်လုပ်ငန်းတွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ နိုင်ငံ ၂၈ နိုင်ငံက လူပေါင်း ခုနစ်ထောင်ကျော် (၇၁၄၁ ဦး) ကို ထိန်းသိမ်းထားတယ်လို့ ဒုတိယ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က RFA ကို ပြောထားပါတယ်။