မြဝတီကို လျှပ်စစ်အပါအဝင် အထောက်အပံ့တွေ ဆက်လက်ဖြတ်တောက်ဖို့ ထိုင်းကို တရုတ်တိုက်တွန်း
2025.02.18
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ မြဝတီဘက်ကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီတွေ ဆက်လက်ဖြတ်တောက်ထားဖို့ တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လျှိုကျုံးရီက တိုက်တွန်းလိုက်ပါတယ်။
မြန်မာဘက်ကတော့ ဒီလိုဖြတ်တောက်တာတွေကို ဆိုင်းငံ့ပေးဖို့ တောင်းဆိုထားကြောင်း The Nation သတင်းမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဖော်ပြပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ ဒီလိုဖြတ်တောက်လိုက်တာကြောင့် ထင်သာမြင်သာရှိတဲ့ ရလဒ်တွေ ရခဲ့ပြီး ဒီအစီအမံအပေါ် နိုင်ငံတကာကလည်း အသိအမှတ်ပြုတယ်လို့ ပြောဆိုပါတယ်။
မြဝတီမြို့နယ်က ဆေးရုံတွေမှာ လျှပ်စစ်ဓာတ်အား မလုံလောက်တာကြောင့် ခွဲစိတ်မှုတွေ မလုပ်နိုင်တဲ့အပြင် လူဦးရေ တစ်သိန်းကျော်လည်း အခက်အခဲဖြစ်နေတာကြောင့် ဒီဖြတ်တောက်မှု အစီအမံကို ဆိုင်းငံ့ပေးဖို့ မြန်မာဘက်က တောင်းဆိုထားတာဖြစ်ကြောင်း ပြောခွင့်ရသူက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့ရေးမှာ ထိုင်းနိုင်ငံအနေနဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) အဖွဲ့အစား မြန်မာအာဏာပိုင်တွေကို ဆက်သွယ်ဆောင်ရွက်ဖို့လည်း တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းရေးအတွက် ထိုင်းနိုင်ငံရဲ့ဥပဒေတွေကို အခြေခံပြီး ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီးက အကြုံပြုထားသလို ငွေလိမ်ဂိုဏ်းမှာ ပါဝင်သူတွေ တခြားနေရာတွေကို ထွက်မပြေးအောင်နဲ့ တရုတ်နိုင်ငံသားတွေကို လေဆိပ်အထိ အရောက်ပို့ဆောင်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနဲ့တရုတ်နိုင်ငံက အကြုံပြုချက်နဲ့ တောင်းဆိုချက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေကို တင်ပြသွားမှာဖြစ်ပြီး နေရပ်ပြန်ပို့ရေး ချောချောမွေ့မွေ့ဖြစ်အောင် ဆောင်ရွက်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။