လျှပ်စစ်မီတာခ ကျပ်ဘီလျံ နှစ်ထောင်ခန့် စစ်ကောင်စီ ဆုံးရှုံးနေကြောင်း NUG ပြော
2021.09.14

အရင်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လစဉ်မပျက်မကွက် ပေးဆောင်လေ့ရှိတဲ့ လျှပ်စစ်မီတာခွန်တွေကို ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ပြည်သူအများစု မပေးဆောင် တော့တာ အခုဆိုရင် ခုနစ်လကျော် ရှိလာပါပြီ။
ရန်ကုန်တိုင်း ပြည်သူလူထုက ၉၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းက ၉၇ ရာခိုင်နှုန်း၊ ကျန် တိုင်းနဲ့ပြည်နယ်တွေက ၈၀ ရာခိုင်နှုန်းခန့် လျှပ်စစ်မီတာခတွေ မပေးဘဲ စစ်ကောင်စီကို ဆန့်ကျင်သပိတ်မှောက်နေကြတယ်လို့ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီ ရရှိနေတဲ့ အခွန်ဘဏ္ဍာတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းပြုစုနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေ အခုချိန်ထိ ခုနစ်လကျော်ကာလအတွင်းမှာ စစ်ကောင်စီအတွက် ဘဏ္ဍာငွေ ကျပ်ဘီလျံ နှစ်ထောင်လောက် ဆုံးရှုံးနေတယ်လို့ ဦးတင်ထွန်းနိုင် က ဆိုပါတယ်။
"ဒီလျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ မီတာဘေလ်ကနေ ကောက်ခံရရှိတဲ့ ငွေတွေကို ကျနော်တို့မှာ စာရင်းပြုစုထားတာ ရှိပါတယ်၊ ဒီ ခုနစ်လလောက် အတောအတွင်းကတော့ ဘီလျံ ၂၅၀၀ မပြည့်သေးဘူး ပေါ့ဗျာ၊ အခု လောလောဆယ်တော့ ၂၀၀၀ လောက်တော့ ရှိနေပြီပေါ့ဗျာ၊ ဆက်ပြီးတော့ ပြည်သူက တောင့်ခံထားဖို့ လိုတယ်၊ ကျနော်ပြောတာက တစ်နှစ်ပတ်လုံးဆိုရင် ကျပ်ငွေ ဘီလျံပေါင်း ၂၅၀၀ လောက် စစ်ကောင်စီအနေနဲ့ ဆုံးရှုံးသွားနိုင်တယ်"
NUG အစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက အိမ်သုံးအမျိုးစား ဓာတ်အားခ ကျသင့်ငွေ အားလုံးကို ကင်းလွတ်ခွင့်ပြုပြီး၊ အိမ်သုံး မဟုတ်တဲ့ အမျိုးအစားတွေအတွက် ဓာတ်အားခ ကောက်ခံတာကိုလည်း ခေတ္တဆိုင်းငံ့ထားတယ်လို့ ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းရဲ့ စက်တင်ဘာ ၇ ရက် ဌာနတွင်း ညွှန်ကြားချက်မှာ ကော်ပိုရေးရှင်း လက်အောက်မှာရှိတဲ့ မြို့နယ်တွေဟာ ၂၀၂၀ ပြည့်နှစ် ဇွန်လကနေ ဒီဇင်ဘာအထိ ဓာတ်အားခ ကြွေးကျန်ငွေ ကျပ် ၂၈၁ ဘီလီယံကျော် ရှိနေသေးတဲ့အကြောင်း၊ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်ကလည်း ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ကြွေးကျန်တဲ့ဌာနတွေကို နှိုးဆော်စာထုတ်တာ၊ သွားရောက်ညှိနိုင်း တောင်းခံတာတွေလုပ်ဖို့၊ ၂၀၂၁ ခုနှစ် မတ်လအထိ ကျန်နေတဲ့ အများပြည်သူသုံး ဓာတ်အားခ ကြွေးကျန်တွေ ရအောင် မီးဖြတ်တောက်ဖို့ ခရိုင်နဲ့ မြို့နယ်အဆင့်ရုံးတွေကို ညွှန်ကြားထားတာ တွေ့ရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ပြည်သူတွေဆီကနေ လျှပ်စစ် ဓာတ်အားခတွေ သတ်မှတ်ချိန်မီရအောင် လုပ်ကြဖို့ မေလ ၂၀ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ပြည်သူတွေ ပေးဆောင်လိုက်တဲ့ မီတာခတွေကို စစ်ကောင်စီက ပြည်သူ့အကျိုးအတွက် ပြန်သုံးမှာ မဟုတ်ဘူးလို့ ယူဆလို့ မီတာခွန် မဆောင်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
"အခြားခြားသော အခွန်ခတွေ အားလုံကနေပြီးတော့မှ အစိုးရအဖွဲ့ မ Run နိုင်အောင် သွားနေတာရှိတယ်။ မီတာ ကဏ္ဍကတော့ အဲဒီထဲက အစိတ်အပိုင်းဖြစ်တဲ့အတွက် သေချာပေါက် အစိုးရလည်ပတ်တဲ့ ယန္တရားထဲကို အစိတ်ပိုင်းတစ်ရပ်အနေနဲ့ သေချာပေါက်ဝင်မှာပဲ။ ဝင်လာတာတွေက ကျနော်တို့အပေါ်မှာ ဘာအကျိုးကျေးဇူး၊ ဘာရှိမှာလဲ။ ကိုယ်သုံးတာကို ကိုယ်ပေးသင့်တာကတော့ လက်ခံပါတယ်။ ဒါပေမဲ့ တစ်ဘက်မှာရှိရင် ကျနော်တို့ နစ်နာဆုံးရှုံးမှုက အရမ်းများနေတယ်။ ဒီအတွက် ကျနော်တို့က မဆောင်တာပေါ့နော်"
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇူလိုင် ၁၆ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် လျှပ်စစ်ဝန်ထမ်း တစ်ယောက်နဲ့ မီတာခ လာဆောင်တဲ့ ပြည်သူတစ်ယောက် သေဆုံးပြီး ခုနှစ်ယောက်ထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
ရန်ကုန်မှာလည်း ဇူလိုင် ၇ ရက်နေ့က လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ စတဲ့ မြို့နယ် လျှပ်စစ်ရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီပေါက်ကွဲမှုတွေဟာ ဇူလိုင် ၇ ရက်ကစလို့ လျှပ်စစ်ဌာနကနေ ရပ်ကွက်ထဲဝင်ပြီး မီတာခအတင်းအကျပ် ကောက်ခံတာတွေ မလုပ်ကြဖို့ သတိပေးတာဖြစ်ပြီး၊ ဆက်လုပ်နေမယ်ဆိုရင် စစ်ကောင်စီနဲ့အတူ ဝင်ငွေရဖို့ ကြိုးပမ်းနေသူတွေအတွက် အသက်အာမခံချက် မပေးဘူးလို့ ရန်ကုန်မြို့ပြ ပြောက်ကျားတော်လှန်ရေးတပ်ဦး အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
"အမိန့်နာခံလို့ ဆောင်ချင်တဲ့သူတွေတောင်မှပဲ ကြောက်လို့ သွားမဆောင်ကြဘူး"
အဲဒီနောက်ပိုင်း ရန်ကုန်မြို့ လမ်းမတော်၊ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ မကွေးတိုင်း မြို့သစ်နဲ့ ရေစကြိုမြို့နယ်၊ မန္တလေးတိုင်း မိုးကုတ်မြို့ စတဲ့မြို့တွေက လျှပ်စစ်ရုံးတွေမှာ ၁၀ ကြိမ်ထက်မနည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီလို ပေါက်ကွဲမှုတွေကြောင့် မီတာခ မဆောင်ရဲတာလို့လည်း ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က အသက် ၃၀ ကျော် အရွယ်အမျိုးသားတစ်ယောက်က ပြောပါတယ်။
"တစ်ဘက်တစ်လမ်းက ပါတယ်ဆိုတာက သူတို့ကို ဆန့်ကျင်ချင်လို့ပဲ မဆောင်တာပေါ့။ နောက်ပိုင်း ကျတော့ အဲဒါပါ ပါသွားတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ NUG နဲ့ PDF အဖွဲ့တွေက မီတာမဆောင်ဖို့ သတိပေးတယ်။ မီတာ မကောက်ဖို့ သတိပေးတယ်။ မန္တလေးမှာ မီတာသွားဆောင်သူ နှစ်ယောက် မိုင်းခွဲတဲ့အထဲမှာ ပါသွားလို့ သေသွား တဲ့ဖြစ်စဉ်တွေ ရှိခဲ့ဖူးတာကိုး။ အမိန့်နာခံလို့ ဆောင်ချင်တဲ့ သူတွေတောင်မှပဲ ကြောက်လို့ သွားမဆောင်ကြဘူး"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လျှပ်စစ်ဝန်ထမ်းတစ်ယောက်ကတော့ မီတာစာရွက်တွေ လိုက်ဝေတဲ့အချိန်မှာ သတိထားပြီး သွားလာနေရတယ်လို့ ပြောပါတယ်။
"ဌာနကတော့ လုံခြုံရေးပေးတာ ရှိတော့မရှိဘူး။ အန္တရာယ် ကြည့်ရှောင်သွားရတာ။ အဲလိုပဲပေါ့"
မီတာခ မဆောင်ရင် လျှပ်စစ်ပြတ်တောက်တဲ့ ပြဿနာ ပြည်သူတွေဘက်မှာ ကြုံရနိုင်သလို စစ်ကောင်စီ ဘက်ကလည်း လျှပ်စစ်လုပ်ငန်း လည်ပတ်ဖို့၊ ထိန်းသိမ်းဖို့ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ဆိုပါတယ်။
"မဆောင်ရင် အဲဒီအကျိုးအမြတ်က တစ်ချိန်ချိန်မှာ ကျနော်တို့ တွေ့ရနိုင်တယ်။ မီးတွေ မရတာ၊ မလုံလောက်တာတွေ ဖြစ်သွားနိုင်တယ်။ စစ်အစိုးရ - အိမ်စောင့်အစိုးရ အကောင်ထည်ဖော်နေတဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ အခွန်ငွေ ပေးဆောင်ခြင်းအားဖြင့်၊ စစ်အုပ်ချုပ်ရေးယန္တရားကို အထောက်အကူ ပြုသွားစေတယ်ဆိုတာလည်း ဟုတ်တယ်။ အဲဒါက သူ့ရဲ့ဝင်ငွေအဖြစ် ရစေတဲ့ အခွန်အထုတ်တွေက အစိုးရရပ်တည်ဖို့၊ လည်ပတ်ဖို့၊ ထိန်းသိမ်းဖို့ ဒါမှမဟုတ် ဖြန့်ကြက်ဖို့ လုံလောက်တဲ့အခွန်ငွေတွေ သူတို့ ကောက်လို့ လုံလောက်တယ်ဆိုရင် သူတို့ရဲ့ အုပ်ချုပ်မှု အာဏာကလည်း ကျယ်ပြန့်လာဖို့ ရှိတယ်။ အဲဒီတော့ နှစ်ဖက်စလုံးမှာ အခက်အခဲတော့ရှိတယ်"

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လှုပ်ရှားတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM နည်းလမ်းအရ လစဉ် ပေးဆောင်ရမယ့် မီတာခတွေကို မဆောင်တဲ့အတွက် အခုနှစ် ဖေဖော်ဝါရီလကစပြီး စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဝင်ငွေဟာ မနှစ်ကထက် ၉၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစီးပွားရေးပညာရှင်များ IEM က ဇူလိုင်လထဲမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဟာ လစဉ် ကျပ်ဘီလီယံ ၁၀၀ ဝင်ငွေလျော့နေပြီး လျှပ်စစ်သုံးစွဲမှုများတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေက ပြီးခဲ့တဲ့ မတ်လအတွင်း ဓာတ်အားခ ကောက်ခံရရှိငွေဟာ ပုံမှန်ရငွေရဲ့ ၂ ရာခိုင်နှုန်းနဲ့ ၃ ရာခိုင်နှုန်းပဲ ရရှိတဲ့အကြောင်း၊ ဌာနကနေ ဝန်ထမ်းပေါင်း လေးထောင်ကျော် အလုပ်ထုတ် ခံရတဲ့အတွက် ဝန်ထမ်း အင်အား လိုအပ်ချက်ကလည်း ရှိနေကြောင်း IEM ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
လျှပ်စစ်လုပ်ငန်းမှာ ဝင်ငွေမရှိရင် စက်ရုံတွေ ပိတ်ရတာမျိုး ဖြစ်သွားနိုင်သလို၊ လျှပ်စစ်ကို အဓိကမှီခိုနေရတဲ့ မြို့ပြအတွက်လည်း ထိခိုက်လာနိုင်တယ်လို့ ရှမ်းပြည်နယ် ကလောမြို့က စွမ်းအင်အရေး လေ့လာနေသူ ဦးအောင်ဖြိုး က ပြောပါတယ်။
"လျှပ်စစ်မီးတို့၊ ရေတို့ဆိုတာက လူတွေရဲ့ အခြေခံဖြစ်နေတော့ ထင်သလောက်တော့ မလွယ်ဘူး ထင်တယ်။ သို့သော်လည်းပဲ ဆိုးဝါးတဲ့ အနေထားတစ်ခု ရောက်ရင်တော့ ဖြစ်လာနိုင်တယ်။ လူတွေဆီက ပိုက်ဆံရဖို့က မရှိတော့ဘူး။ ဒီကနေပဲ ဘတ်ဂျက်တွေက ထွက်ရတာကို ဘယ်လိုလုပ်မလဲ။ ပြုပြင်စရိတ် တွေလည်း ရှိတာကို။ အဲဒါတွေ မပြုပြင်နိုင်ရင် စက်ရုံတွေ ရပ်ရတာတွေ ဖြစ်လာလိမ့်မယ်။ အများစု သုံးနေရတဲ့ မြို့ပေါ်လူတွေဆို ပိုထိမယ်ထင်တယ်"
စစ်ကောင်စီ ထိန်းချုပ်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၈ရက်နေ့ ထုတ်ပြန်ချက်မှာတော့ လျှပ်စစ်ဓာတ်အားကို နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးတွေအပြင် ပုဂ္ဂလိက ပိုင်စက်ရုံတွေ ဆီကလည်း ဝယ်ယူဖြန့်ဖြူးပေးနေတာဖြစ်လို့ လျှပ်စစ်ဓာတ်အားခတွေကို ပေးမှပဲ ဓာတ်အား ဆက်ပေးနိုင်မှာ ဖြစ်တဲ့အကြောင်း၊ ဝင်ငွေမရှိရင် အခက်အခဲတွေ ဖြစ်လာနိုင်ပြီး လျှပ်စစ်မီးလျော့နည်းတာကြောင့် မီးအလှည့်ကျ ပေးရသည်အထိ ဖြစ်ပေါ်လာနိုင်တဲ့အတွက် မီတာခတွေကို လစဉ်ပေးဆောင်ဖို့ တိုက်တွန်း ထားပါတယ်။
RFA ကနေ ဆက်သွယ်မေးမြန်းခဲ့တဲ့ ပြည်သူအများစုကတော့ စစ်ကောင်စီဟာ လျှပ်စစ်မီတာခတွေကို စစ်အာဏာတည်မြဲဖို့ အသုံးချမယ်လို့ ယုံကြည်နေတာကြောင့် လူထုရွေးကောက်တင်မြှောက်တဲ့ အရပ်သား အစိုးရ မတက်မချင်း လျှပ်စစ်မီတာခတွေ မပေးဘဲ ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ ပြောဆိုကြပါတယ်။