မီတာခ မဆောင်သူကို လျှပ်စစ်မပေးဟု လျှပ်စစ်ဌာန ကြေညာ

သုံးလနဲ့အထက် မီတာခမဆောင်ရင် မီးဖြတ်တောက်မယ့်အပြင် လုပ်ထုံးလုပ်နည်းနဲ့အညီ မီတာကိုပါ ဖြုတ်သိမ်းမယ်လို့ ရန်ကုန်တိုင်းမြို့နယ် လျှပ်စစ်ဌာနရုံး အချို့က အခုရက်ပိုင်းတွေအတွင်း သူတို့ရဲ့ လူမှုကွန်ရက်ကတဆင့် ကြေညာထားပါတယ်။
လျှပ်စစ်မီး သုံးစွဲသူတွေအနေနဲ့ သတ်မှတ်ရက်နောက်ဆုံးထားပြီး ဌာနကို အပြည့်အဝပေးဆောင်မှ ဓာတ်အားကို စဉ်ဆက်မပြတ်ပေးနိုင်မှာဖြစ်လို့ ဓာတ်အားခတွေ မပျက်မကွက် ပေးဆောင်ဖို့ မေတ္တာရပ်ခံတယ်လို့လည်း အဲ့ဒီကြေညာချက်မှာ ရေးသားထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ကန့်ကွက်တဲ့အနေနဲ့ မီတာခမဆောင်ရေးလှုံ့ဆော်မှုတွေ ရှိခဲ့ပြီး မီတာခ မဆောင်သူတွေလည်း ရှိနေပါတယ်။
မီတာခမဆောင်တဲ့ အိမ်ကို မီးဖြတ်တောက်မှုတွေ နေ့စဉ်နီးပါး လုပ်ခံနေရတာကြောင့် မီတာခပေးဆောင်နေကြရတဲ့သူတွေလည်းရှိပါတယ်။ အောက်တိုဘာလကစလို့ မြန်မာနိုင်ငံတစ်ဝန်း နေ့စဉ်လိုလို လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း ရှိနေပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက မီတာခမပေးတာ တစ်နှစ်ရှိပြီလို့ ဆိုပါတယ်။
“ကျနော်တို့လည်း စစ်ကောင်စီကို အခွန်မပေးချင်တာကြောင့်ရယ် တော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်က ကူညီတဲ့အနေနဲ့ မီတာခမဆောင်ဘဲ နေလာတာ တစ်နှစ်ပြည့်ပါပြီ။ အခုတော့ လမ်းတိုင်း မီးဖြတ်တာတွေ လုပ်နေတော့ သွားဆောင်ကြတဲ့သူတွေလည်း မီတာရုံးမှာ တိုးကြိတ်နေတာပါပဲ။ သူတို့ကိုလည်း အပြစ် မပြောတော့ပါဘူး။ ရန်ကုန်မှာ တိုက်ခန်းတွေ များတယ်လေ။ မီးမရရင် ဘာမှလုပ်လို့မရဘူး။ အဓိကက ရေပေါ့လေ။ အခုလည်း မီတာဖြုတ်မယ် အရေးယူမယ် ဆိုတော့ မတတ်နိုင်ဘူး။ မရှိတဲ့ကြားကပဲ ရှာကြံရမှာပဲ။ ကျနော်တို့လည်း တစ်နှစ်တိတိ မဆောင်ဘဲ နေပြီးပြီလေ”
အခုလို မီးဖြတ်တောက်တာဟာ မီတာခ မဆောင်တာနဲ့ မသက်ဆိုင်ဘူးလို့ RFA ကို ဒီလထဲမှာပဲ ဖြေဆိုထားပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနကလည်း ကမ္ဘာ့သဘာဝဓာတ်ငွေ့ဈေး မြင့်တက်လာမှု၊ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို ပြုပြင်နေရမှုနဲ့ ဓာတ်အားပေးပို့တဲ့ တာဝါတိုင်တွေ မိုင်းခွဲခံရမှုတွေကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကျဆင်းရကြောင်း ဇန်နဝါရီလ ၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတစ်ဝန်း အိမ်ထောင်စုပေါင်း ၁၁ သန်းနီးပါး ရှိတဲ့အနက် လျှပ်စစ်ဓာတ်အားသုံးစွဲတဲ့ အိမ်ထောင် စုပေါင်း ၇ သန်းနီးပါးရှိပြီး ရန်ကုန်တိုင်းက ၁၄၀၀ မဂ္ဂါဝပ်ကျော်၊ မန္တလေးတိုင်းက မဂ္ဂါဝပ် ၆၀၀ ကျော်နဲ့ နေပြည်တော်က ၁၄၆ မဂ္ဂါဝပ် သုံးစွဲနေတယ်လို့ လျှပ်စစ်ဝန်ကြီးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။