ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ ရတနာပုံတက္ကသိုလ်မှာ တောင်းဆို ဆန္ဒပြ
2014.08.27

ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ အမျိုးသား ပညာရေးဥပဒေမှာ ကျောင်းသားတွေဟာ နိုင်ငံရေးနဲ့ ကင်းလွတ်ရမယ်ဆိုတဲ့အချက်တွေ ပါဝင်နေတဲ့ အတွက် ပြင်ဆင်ပေးဖို့ မန္တလေးမြို့ ရတနာပုံတက္ကသိုလ် က တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၅၀ ကျော် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
အမျိုးသားပညာရေးဥပဒေကို ကျောင်းသား ကျောင်း သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက် ဆန္ဒပြနေတဲ့အပေါ် အစိုးရအဖွဲ့အနေနဲ့ အလေးထား သင့်ကြောင်း ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသား ကိုနိုင်ရဲဝေက ပြောပါတယ်။
"အဲ့ဒီလိုမျိုး ကျနော်တို့ ဆန္ဒတွေထုတ်ဖော်တယ်၊ သူတို့ကိုအမျိုးမျိုးဆန္ဒပြတယ်၊ ဒါပေမဲ့ သူတို့ဘက် က ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျနော်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ကျနော်တို့ကို ဘာမှလည်း မတုန့်ပြန်ဘူးပေါ့နော်၊ ပြန်ပြီးတော့ တုန့်ပြန်မှှုမရှိဘူး၊ ဒါဟာ ကျောင်သားနဲ့ ပြည်သူကို အလေးမထားပဲ နဲ့ပေါ့နော်၊ ဒီမိုကရေစီ အစိုးရလို့ကြွေးကြော်ပြီးတော့ ကျနော်တို့ ကျောင်းသားနဲ့ ပြည်သူကို အလေးမထားပဲနဲ့ သူတို့ ငါတို့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ သဘောဆန်တဲ့ပုံစံမျိုးဖြစ်နေတယ်ခင်ဗျ"
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်ဥက္ကဌ ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာနကထိက ဆရာသုတက အဲ့ဒီဥပဒေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
"ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်အနေနဲ့လည်း သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ မှ ကြေညာချက်တစ်စောင်ထုတ်ပြီးတော့မှ ဒီအမျိုးသားပညာရေးဥပဒေ ရေးတဲ့အခါမှာ ကျနော်တို့က အားလုံးပါဝင်ခြင်းဆိုတာကို တောင်းဆိုတယ်၊ ဒါပေမဲ့မရခဲ့ဘူး၊ တကယ်ပါသင့်ပါထိုက်တဲ့ ဆရာ၊ ဆရာမတွေ လည်းမပါဘူး၊ အဲ့လိုတစ်ယောက်မှမပါပဲနဲ့ တစ်ဖက်သက်ရေးဆွဲတဲ့ ဥပဒေဖြစ်နေလို့ ကျနော်တို့က လက်မခံနိုင်ဘူး၊ ဥပဒေတစ်ခုရေးတယ်ဆိုတာ ဆရာတွေလည်းပါရမယ်၊ ပြင်ပပညာရှင်တွေ လည်းပါမယ်ဆိုရင် ဒီလိုမျိုး အငြင်းပွားစရာ ပြဿနာ မဖြစ်လာပါဘူး"
အဲ့ဒီဥပဒေမှာ ပညာရေးဝန်ကြီးဌာနက ဦးစီးပြီး အမျိုးသားပညာရေးကော်မရှင်ဖွဲ့စည်းရမယ်လို့ ပါရှိတဲ့ အချက်ကို ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ကန့်ကွက်ထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသားဘာသာစကားကို အခြေခံတဲ့ ပညာသင်ကြားရေးစနစ်တွေ ထည့်သွင်းပေးဖို့ လိုအပ်ကြောင်း ပြီခဲ့တဲ့ သြဂုတ်လ ၁၉ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ NNER တာဝန်ရှိသူတွေ က ပြောခဲ့ပါတယ်။
အမျိုးသားပညာရေးဥပဒေကို ကျောက်ဆည်၊ မုံရွာနဲ့ ကန့်ဘလူမြို့က တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက ပြီးခဲ့တဲ့ဇူလိုင်လက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။