စစ်ကောင်စီတပ်ကြောင့် ပညာရေးကဏ္ဍက နှစ်ရာ့ငါးဆယ်ကျော် သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်
2025.01.21

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပညာရေးကဏ္ဍက ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမ စုစုပေါင်း နှစ်ရာ့ငါးဆယ်ကျော် (၂၅၂ ဦး) သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက် ကလေး ၈၈ ဦး ပါဝင်ပါတယ်။
အမျိုးသား ၁၈၀ ဦးနဲ့ အမျိုးသမီး ၇၂ ဦး သေဆုံးခဲ့တာကို အမည်စာရင်းနဲ့ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ သေဆုံးသူ ၅၄ ဦး ရှိခဲ့တာကြောင့် သေဆုံးမှုအများဆုံးနေရာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးသူ ၁၁၀ ဦး ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၈ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသား တစ်ထောင်ကျော် (၁၀၆၁ ဦး) ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း AAPP က ဖော်ပြပါတယ်။ ဖမ်းဆီးခံရမှု အများဆုံးက ရန်ကုန်တိုင်းကဖြစ်ပြီး ၃၈၆ ဦး ဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
AAPP ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ခြောက်ထောင့်နှစ်ရာနီးပါး (၆၁၉၉ ဦး) အထိရှိနေပြီ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူကလည်း နှစ်သောင်းရှစ်ထောင်ကျော် (၂၈၃၀၄ ဦး) အထိ ရှိနေပြီလို့ ဇန်နဝါရီ ၂၁ ရက်နေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။