ငလျင်ကြောင့် ဒေသသုံးခုမှာ ၁၄၄ ဦးသေဆုံးပြီး ၇၀၀ ကျော်ဒဏ်ရာရကြောင်း စစ်ကောင်စီဥက္ကဋ္ဌပြော

RFA Burmese
2025.03.28
ငလျင်ကြောင့် ဒေသသုံးခုမှာ ၁၄၄ ဦးသေဆုံးပြီး ၇၀၀ ကျော်ဒဏ်ရာရကြောင်း စစ်ကောင်စီဥက္ကဋ္ဌပြော စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတ်လ ၂၈ ရက် ညပိုင်းက မြေငလျင် နဲ့ပတ်သက်လို့ MRTV ကတစ်ဆင့်ပြောကြားစဉ်။
MRTV

မြေငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေမှာ ၉၆ ဦး၊ စစ်ကိုင်းမြို့မှာ ၁၈ဦး၊ ကျောက်ဆည်မှာ ၃၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက မတ်လ ၂၈ ရက်ညမှာ နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ပြောပါတယ်။

ဒီအပြင် နေပြည်တော်မှာ ဒဏ်ရာရသူ ၄၃၂ ဦး၊ စစ်ကိုင်းမှာ ၃၀၀ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သေဆုံးမှုနဲ့ ဒဏ်ရာရမှုက ဒီထက်တိုးလာစရာရှိပါတယ်။ တချို့နေရာတွေမှာလည်း တိုက်တွေ ပြိုကျတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ကျွန်တော်တို့လုပ်နေဆဲဖြစ်ပါတယ်”

ပြည်ပအကူအညီတွေရဖို့လည်း လမ်းဖွင့်ထားပြီး လက်ရှိမှာ အိန္ဒိယ နဲ့ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး စင်တာ (AHA Centre) တို့က အကူအညီတွေပေးဖို့ ကမ်းလှမ်းလာတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး မတ်လ ၂၈ ရက်က ပြင်းအား ၇ဒသမ၇ ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီရဲ့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။