ငလျင်ကြောင့် ပျော်ဘွယ်မှာ သေဆုံးသူ ၄၀၀ ကျော်ရှိလာ

RFA Burmese
2025.04.01
ငလျင်ကြောင့် ပျော်ဘွယ်မှာ သေဆုံးသူ ၄၀၀ ကျော်ရှိလာ ပျော်ဘွယ်မြို့မှာ စင်ကာပူနဲ့ မြန်မာပူးပေါင်းအဖွဲ့များ မတ်လ ၃၀ ရက်က ကယ်ဆယ်ရေးလုပ်ခဲ့စဉ်။
Pyawbwe Fire Services

မန္တလေးတိုင်း ပျော်ဘွယ်မြို့မှာ ငလျင်ကြောင့် သေဆုံးသူ လေးရာကျော်ရှိလာပြီလို့ ကယ်ဆယ်ရေး လုပ်နေသူတွေက RFA ကို ဧပြီ ၁ ရက် မနက်ပိုင်းမှာ ပြောပါတယ်။

ဒဏ်ရာရသူလည်း တစ်ထောင်ဝန်းကျင်ရှိတယ်လို့  ဆိုပါတယ်။

ပျော်ဘွယ်မြို့  မြင်းဘက်၊ မန္တလေးတန်း၊ မြို့မ စတဲ့ရပ်ကွက်တွေ အားလုံး ပျက်စီးခဲ့တာပါ။ လမ်းပိတ်ဆို့မှုတွေကြောင့် ခုချိန်အထိ ကယ်ဆယ်ရေးမရောက်နိုင်တဲ့နေရာ အများအပြားရှိနေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ အပုတ်နံ့တွေက နံနေပြီ။ ကယ်ဆယ်ရေးမလုပ်နိုင်သေးတဲ့နေရာတွေလည်း အများကြီး။ အဲ့ဒီနေရာတွေကို သွားလို့ကိုမရသေးတာ။ အသက်ရှင်လျက်ကယ်ထုတ်နိုင်ဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး“

စစ်ကောင်စီကတော့ ပျော်ဘွယ်မြို့ရဲ့ သေဆုံးစာရင်းမှာ ဆေးရုံရောက်တဲ့ ရုပ်အလောင်းတွေကိုပဲ စာရင်းသွင်းတာလို့ သူက ပြောပြပါတယ်။

ဆေးရုံမရောက်ဘဲ ကိုယ့်သဘောနဲ့ကိုယ် သင်္ဂြိုလ်ဖို့ ကူညီလိုက်တဲ့ ရုပ်အလောင်းတွေလည်း အများအပြားရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

ရာသီဥတုက ပူပြင်းသလို မိသားစုဝင်တွေက ရုပ်အလောင်းတွေကို အတတ်နိုင်ဆုံး အကောင်းပကတိပဲ လိုချင်တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဟာ ထင်သလောက်ခရီးမရောက်ဘူးလို့လည်း ပြောပါတယ်။

ပျော်ဘွယ်မြို့က အဆောက်အအုံပျက်တွေကို အပြီးသတ်ရှင်းလင်းနိုင်ဖို့ဆိုရင် အနည်းဆုံး အချိန်တစ်လ ကြာနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ခန့်မှန်းပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွေ ထိခိုက်ပျက်စီးမှု များခဲ့ပါတယ်။

စစ်ကောင်စီကတော့ မတ်လ ၃၁ ရက်နေ့ နေ့လယ်အထိ ငလျင်ကြောင့် လူ ၂၀၅၆ ဦး သေဆုံးပြီး ၃၉၀၀ ဒဏ်ရာရထားတယ်လို့ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။