ပဲခူးမြို့မှာ ငွေကျပ် ၁၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိ
2024.12.27

ပဲခူးတိုင်း၊ ပဲခူးမြို့ ရပ်ကွက်ကြီး (၆) မှာ ငွေကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဒီဇင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ မူးယစ်ရဲတပ်ဖွဲ့နဲ့ ပူပေါင်းအဖွဲ့တွေဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပဲခူးမြို့၊ ရပ်ကွက်ကြီး (၆)၊ ဗိုလ်အောင်ကျော်လမ်းမှာ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး မောင်းနှင်လာတဲ့ TOYOTA DYNA ကို ရှာဖွေစစ်ဆေးရာမှာ သံတို သံစတွေနဲ့ ဖုံးအုပ်ထားတဲ့ သံသေတ္တာအတွင်းက စိတ်ကြွဆေးပြား ၅၂ ဒသမ ၃ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနဲ့ Happy Water ၂ ဒသမ ၆၇ ကီလိုကို ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
ဆက်စပ်ဖော်ထုတ်ချက်အရ မူယစ်ဆေးဝါး သယ်ဆောင်ခိုင်းစေသူတွေဖြစ်တဲ့ အမျိုးသား နှစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း CCDAC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့ကတစ်ဆင့် ပဲခူးမြို့ကိုသယ်ပြီး ရန်ကုန်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ပို့ဆောင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးနဲ့ ဘိန်းဖြူဈေးကွက်ဟာ လူငယ်တွေကြား အလွယ်တကူဝယ်လို့ရတဲ့ အခြေအနေဖြစ်တယ်လို့ ပဲခူးမြို့ခံတွေက RFA ကို ပြောပါတယ်။ စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူရောင်းချမှုကိုလည်း ထိထိရောက်ရောက် အရေးယူတာမရှိသေးဘူးလို့ ဆိုပါတယ်။
အခုနှစ်အတွင်း မူးယစ်ဆေးဝါးတွေ ဘီလီယံနဲ့ချီ ဖမ်းဆီးရမိမှု များပြားလာပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ ငွေကျပ် ကိုးဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားနဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ကောင်စီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ မြန်မာကျပ်ငွေ တစ်ဘီလီယံနဲ့အထက် မူးယစ်ဆေးဖမ်းဆီးမှုပေါင်း ၅၃ မှု ရှိပါတယ်။
ကျပ်ငွေ ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိတဲ့မြို့တွေဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္လာရီတိုင်းနဲ့ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်က ဖြစ်ပါတယ်။