သိန္နီမြို့ ဗုံးကြဲခံရလို့ နေအိမ်တချို့ပျက်စီး၊ လူ တစ်ထောင်ကျော်ထွက်ပြေးရ

RFA Burmese
2024.07.04
သိန္နီမြို့ ဗုံးကြဲခံရလို့ နေအိမ်တချို့ပျက်စီး၊ လူ တစ်ထောင်ကျော်ထွက်ပြေးရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို ဇူလိုင်လ ၄ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တချို့ပျက်စီးသွားပြီး လူ တစ်ထောင်ကျော်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိန္နီမြို့ ရပ်ကွက် (၂) က နေအိမ် ခုနစ်လုံးထိခိုက်ပျက်စီးခဲ့ပြီး မြို့ပေါ်က ဒေသခံတစ်ထောင်ကျော်လည်း ဘေးလွတ်ရာကို သွားရောက်ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သိန္နီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရပ်ကွက် ( ၂ ) ကို ကျတာပေါ့။ ရဲစခန်းနားမှာရှိတဲ့ အိမ်တွေထိခိုက်တာပါ ။ အ.ထ.က ကျောင်းဘက်မှာလည်း တစ်လုံး ကျတယ်။ လူတော့ ထိခိုက်တာမရှိဘူး။ လူတွေကတော့ ဘေးလွတ်ရာရှောင်ဖို့ ကားတွေပြင်နေကြပြီ”

MNDAA ကလည်း သိန္နီမြို့ခံတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းခိုင်းထားတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူနဲ့ MMDAA ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ဇူလိုင်လ ၃ ရက် မနေ့ကလည်း သိန္နီမြို့နယ် မိုင်းလီရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ မိုင်းလီရွာအပါအဝင် ရွာ သုံးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အနီးတစ်၀ိုက်မှာလည်း ဇူလိုင် ၃ ရက်နေ့စတင်ပြီး MNDAA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။