တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်မှာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်ရှိနေ

RFA Burmese
2024.06.28
တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်မှာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်ရှိနေ ကျောက်မဲမြို့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ပရဟတိအဖွဲ့များက သယ်ဆောင်နေစဉ်။
နမ့်ခုံးရှမ်းပရဟိတအဖွဲ့

စစ်ကောင်စီနဲ့ တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့နယ်အတွင်း ဇွန် ၂၇ ရက် မနေ့က ညနေပိုင်းအထိ အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၇ ရက်နေ့က ကျောက်မဲမြို့ အင်ကြင်းတောင်အနီးက သီလရှင်ကျောင်းအနီး လက်နက်ကြီးကျည်ကျလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပြီး နောက်တစ်ပါးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့အတွင်းပိုင်းမှာလည်း သေဆုံးနေတဲ့ ရုပ်အလောင်း သုံးလောင်း ထပ်ရှိနေပြီး လေကြောင်းကနေ ပစ်ခတ်မှုတွေ ရှိနေလို့ သွားရောက်မသယ်နိုင်သေးဘူးလို့ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“အင်ကြင်းတောင် အောက်က ရပ်ကွက်တွေမှာ ထိခိုက်မှုအများဆုံးပဲ။ သူက ထုံးဘို ၈ ရပ်ကွက်နေရာ။ မနေ့ကအဲမှာ သီလရှင်တစ်ပါး လက်နက်စထိပြီး သေသွားတယ်။ ဒီမနက်အထိ ရုပ်အလောင်းတွေ ကျွန်တော်တို့ မကောက်နိုင်တာ သုံးလောင်းရှိတယ်။ အရပ်သားတွေလို့ပြောတယ်။ သေချာမသိရသေဘူး။ ကျွန်တော်တို့ လည်း မသွားရဲသေးဘူး”

ဒီမနက်ပိုင်းတော့ အင်ကြင်းတောင်၊ ခမရ-၅၀၁ ၊ ၅၀၂ တပ်စခန်းတွေရှိတဲ့ နေရာတွေ အနီးတစ်၀ိုက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲနေပြီး မြို့ခံတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီလို့ ကျောက်မဲဒေသခံ နောက်တစ်ဦးက ပြောပါတယ်။

ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေရဲ့ စာရင်းအရ တိုက်ပွဲဖြစ်ပွားတဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဒီမနက်ပိုင်းအထိ ကျောက်မဲမြို့မှာ အရပ်သားသေဆုံးသူ ကိုးဦးရှိခဲ့ပြီး အရပ်သားနဲ့ စစ်သားမခွဲခြားနိုင်သေးတဲ့ ရုပ်အလောင်းကတော့ နှစ်ဆယ်ဝန်းကျင်အထိ ရှိနေပါတယ်။

နောင်ချိုမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ရဲ့ ခမရ-၁၁၄ တပ်စခန်းအနီးမှာ ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေခံတွေက ပြောပါတယ်။ ဒီ့အပြင် ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ်အစပ်က ဝက်ဝံရွာမှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် အနီးမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

နောင်ချို မြို့ပေါ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး မြို့ခံတွေကတော့ ဇွန်လ ၂၆ ရက် နေ့ကစပြီး မြို့အနီးကျေးရွာတွေ၊ ပြင်ဦးလွင်နဲ့ တောင်ကြီးမြို့တွေကို ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။

နောင်ချိုတိုက်ပွဲအတွင်းမှာတော့ သဖန်းကိုင်းရွာက ကလေးငယ်တစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး သေဆုံးသူအရေအတွက် ဒီထက်လည်း ပိုများနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီးဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံ ဖြေဆိုတာ မရှိပါဘူး။

ဇွန်လ ၂၅ ရက်နေ့က စပြီး ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်တွေနဲ့ မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာ မြို့နယ်တွေကို TNLA နဲ့ မန္တလေးတိုင်းPDF၊ ဓနု PDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။