နမ့်ဆန်နဲ့ လားရှိုးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ဆယ်ဦးသေဆုံး
2024.01.08

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် မြို့သစ်ရွာမှာ ဇန်နဝါရီလ ၇ ရက် မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တအာင်းအမျိုးသား ပညာရေး ကော်မတီ (TNEC) ဝန်ထမ်းနှစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့ (TWO) တာဝန်ရှိသူ လွေးက RFA ကို ပြောပါတယ်။
“မနေ့က ညနေပိုင်းမှာ စာရင်းအတိအကျရတာက ငါးယောက်ပေါ့နော်။ အမျိုးသမီး သုံးယောက်၊ အမျိုးသားက နှစ်ယောက်။ TNEC က ကျောင်းဆရာနဲ့ သူ့သားရယ်၊ ဆရာမတစ်ယောက်လည်း ပါတယ်”
သေဆုံးခဲ့တဲ့ ကျောင်းဆရာဟာ အသက်သုံးဆယ်ကျော်အရွယ် မြို့သစ်ရွာခံဖြစ်ပြီး အသက်နှစ်ဆယ်အရွယ် (TNEC) ဆရာမကတော့ မြို့သစ်ရွာကို အလည်လာချိန်မှာ အခုလိုသေဆုံးတာလို့ ဆိုပါတယ်။
ကျန်တဲ့ သေဆုံးသူတွေရဲ့ အသက်အရွယ်နဲ့ နာမည်အသေးစိတ်ကိုတော့ ဖုန်းလိုင်းအခက် အခဲကြောင့် အတိအကျ မသိရသေးတာကြောင့် ဆက်ပြီးစုံစမ်းနေတယ်လို့ (TWO) တာဝန်ရှိသူ လွေးက ပြောပါတယ်။
လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်ရွာအတွင်းမှာလည်း ဇန်နဝါရီလ ၇ ရက် မနေ့ည ၇ နာရီခွဲမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အသက်မပြည့်သေးသူ လေးဦးအပါအဝင် ငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ အသက်ငါးဆယ်အရွယ် အလုပ်ရှင်အမျိုးသမီးတစ်ဦးနဲ့ အလုပ်သမားတွေဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက် ၁၂ နှစ်ဝန်းကျင်အရွယ် မိန်းကလေးသုံးဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘာတိုက်ပွဲမှမရှိဘူး မနေ့ညက ကင်းထောက်လေယာဉ်နဲ့ ဂျက်လေယာဉ်နှစ်စင်းလာပြီး ရွာထဲကို ကြဲချသွားတာ။ ပထမကြဲတဲ့နှစ်လုံးက ဆေးရုံအနောက်ဘက်နဲ့ ပြည်သူ့စစ် စခန်း အနောက်ဘက်မှာကျတယ်။ နောက်ဆုံး တစ်လုံးက မိုင်းယော်ဈေးရပ်ကွက်ထဲမှာ ကျသွားတာ။ သေတာ ငါးယောက်ရှိတယ်။ သူတို့က တစ်အိမ်တည်းကပဲ”
တစ်ဦးဒဏ်ရာရခဲ့သလို မိုင်းယော်ဈေးရပ်ကွက်က နေအိမ်အလုံးသုံးဆယ်ခန့်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
TNLA ပြန်ကြားရေးဌာနရဲ့ ဒီနေ့မနက်ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၇ ရက် နေ့လယ် နှစ်နာရီမှာ မြို့သစ်ကျေးရွာကို လေကြောင်းနဲ့ ဗုံးငါးလုံး ကြဲခဲ့တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲပြီး (TNEC) ဆရာ၊ ဆရာမအပါအဝင် အရပ်သားငါးဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အရပ်သားခြောက်ဦး ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်းနဲ့ နေအိမ်ခုနစ်လုံး ပျက်စီးခဲ့ တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲဒီလေကြောင်းတိုက်ခိုက်မှုအပေါ် သတင်းထုတ်ပြန်တာမရှိ သလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်ကလည်း နမ့်ဆန်မြို့သစ်ရွာမှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ရှမ်းပြည်အခြေစိုက် အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသ (၁၄) မြို့နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၅၀ နီးပါး သေဆုံးခဲ့ပါတယ်။