ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာ ဇော်မြင့်မောင် အွန်လိုင်းကနေ သက်သေထွက်ဆို

2021.12.27
ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာ ဇော်မြင့်မောင် အွန်လိုင်းကနေ သက်သေထွက်ဆို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ၂၀၂၀ စက်တင်ဘာ ၄ ရက်က တွေ့ရစဉ်
Photo: RFA

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့တရားရုံးချိန်းမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က အွန်လိုင်းဗီဒီယိုစနစ်နဲ့ သက်သေထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြော ပါတယ်။

ဒီအမှုဟာ လွန်ခဲ့တဲ့ ၂၀၂၀ သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ကို လာစဉ် လူစုလူဝေးဖြစ်ခဲ့လို့ ကိုဗစ်စည်းကမ်းနဲ့ မညီဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရတဲ့အမှု ဖြစ်ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ဟာ နေပြည်တော်တရားရုံးအထိ လူကိုယ်တိုင်လာရောက်ထွက်ဆိုဖို့ ဆန္ဒရှိခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ကျန်းမာရေးအကြောင်းပြပြီး ခရီးသွားလာခွင့်မပြုခဲ့လို့ အွန်လိုင်းဗီဒီယိုစနစ်နဲ့ပဲ သက်သေထွက်ခွင့်ရခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်ပြီး သက်သေအားလုံး စစ်ဆေးပြီးဖြစ်လို့ နောက်တစ်ပတ် တနင်္လာနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက် ရုံးချိန်းမှာ နှစ်ဖက်လုံးက အပြီးသတ်လျှောက်လဲချက် ပေးရမှာပါ။

ဒီနေ့ရုံးချိန်းမှာ ဒေါက်တာ ဇော်မြင့်မောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အွန်လိုင်းတီဗွီဖန်သားပြင်ကနေတဆင့် အပြန်အလှန် စကားပြောနှုတ်ဆက်ခွင့်ရခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဒီနေ့ရုံးချိန်းမစခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေအဖွဲ့တို့ လူချင်းတွေ့ခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒေါက်တာ ဇော်မြင့်မောင်တို့ ကျန်းမာရေး ကောင်းမွန်ပုံရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။