ဒေါက်တာ အောင်မိုးညို အပါအဝင် အလွှာအသီးသီးက နိုင်ငံရေးလှုပ်ရှားသူ ၅၀ ကျော် ထောင်ချခံရ

နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးဖို့ တစ်ရက်အလို ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီက မကွေး တိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို အဂတိလိုက်စားမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၈ နှစ်၊ မကွေးတိုင်းအစိုးရ ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာ ခင်မောင်အေး ကို အဂတိလိုက်စားမှု သုံးမှုအတွက် ထောင်ဒဏ် ၉ နှစ်၊ ဝန်ကြီး ဦးတင်နွယ်ဦး ကို အဂတိလိုက်စားမှု လေးမှုအတွက် ထောင်ဒဏ် ၁၂ နှစ်နဲ့ မကွေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာ ကို အဂတိ လိုက်စားမှု နှစ်မှုအတွက် ထောင်ဒဏ် ၆ နှစ် အသီးသီး ချမှတ်လိုက်တယ်လို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။
အလားတူ ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံ သာမြင့်၊ ၂၀၂၀ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ ဘဏ္ဍာရေးမှူး ဦးသိန်းဦးနဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မျိုးညွန့် တို့ကို ထောင်ဒဏ် နှစ်နှစ်စီနဲ့ မန္တလေး အိုဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကို ထောင် ၅ နှစ် အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရန်ကုန် အင်းစိန်ထောင်မှာပဲ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် ကို ထောင် ၁ နှစ်နဲ့ ၉၆ - ၉၈ ကျောင်းသားဟောင်း ကိုအေးအောင် ကို ထောင် ၃ နှစ် အသီးသီးချလိုက်တယ်လို့ အမှုလိုက် ရှေ့နေတွေက ပြောပါတယ်။
"နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ကြုံတွေ့ရတတ်တဲ့ လောက ဓမ္မတာလို့ပဲ မှတ်ပါတယ်ခင်ဗျ”
ဒီကနေ့ ထောင်ဒဏ်ချမှတ်ခံရသူတွေထဲမှာ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ထောင်ဒဏ် ၁၈ နှစ်နဲ့ အများဆုံးဖြစ်ပါတယ်။
ဒေါက်တာ အောင်မိုးညိုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ နဲ့ စွဲထားတဲ့ အမှုစုစုပေါင်း ခြောက်ခုအတွက် တစ်မှုကို ပြစ်ဒဏ်သုံးနှစ်စီ သီးခြားကျခံစေဖို့ အမိန့်ချလိုက်တာလို့ ဒေါက်တာ အောင်မိုးညို ရဲ့ရှေ့နေ ဦးမြင့်အောင် က RFA ကို ပြောပါတယ်။
“အမိန့်ချတော့ ဝန်ကြီးချုပ်က ၆ မှု ရှိပါတယ်။ တစ်မှုကို ၃ နှစ်စီ ချပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ပုဒ်မ ၅၅ နဲ့ တစ်မှုကို ၃ နှစ်စီချပါတယ်။ သူ(ဒေါက်တာ အောင်မိုး ညို) ကတော့ အယူခံ မဝင်တော့ ဘူးတဲ့ အယူခံဝင်လည်း ထူးမှာမဟုတ်တဲ့အတွက် အယူခံ မဝင်တော့ဘူးလို့ မှတ်ချက်ပေးပါတယ်”
ဒေါက်တာ အောင်မိုးညိုကို ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းခြောက်ခုနဲ့ ပတ်သက်ပြီး လဘ်စားမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားလိုလုပ်ပြီး တရားစွဲခဲ့တာပါ။
ဒေါက်တာ အောင်မိုးညိုဟာ လဘ်စားမှုဆိုတာမျိုးနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ အင်မတန်ရိုးဖြောင့်တဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်တယ်လို့ ၁၉၉၀ ရွေးကောက်ပွဲ ကတည်းက အတူလက်တွဲလုပ်လာခဲ့တဲ့ မကွေးတိုင်းက နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် တစ်ဦးက RFA ကို ပြောပါတယ်။
“ဒေါက်တာ အောင်မိုးညိုက အင်မတန်မှ ရိုးသားဖြောင့်မတ်ပါတယ်။ ဒေါက်တာ အောင်မိုးညိုတင် မကဘူး။ သူ့အဖေ ဦးညိုနဲ့လည်း သိပါတယ်။ သူတို့ မိသားစု တစ်စုလုံးက အင်မတန်မှ ရိုးသား ဖြောင့်မတ်တဲ့ သူတွေပါ။ အဂတိလိုက်စားမှုဆိုတာ ထင်ရက်စရာ မရှိပါဘူး။ ဝန်ကြီးချုပ် တစ်ယောက် ပေါ့လေ။ နိုင်ငံရေးမှာလည်း အင်မတန်မှ ဖြူဖြူစင်စင် ရိုးရိုးသားသား တစ်သက်လုံး လက်တွဲလာတာ သိတာပေါ့။ သူ့အပေါ်၊ ဒါစိတ်ဓာတ်ရေးရာအရ ရိုက်ချိုးလိုက်တဲ့ သဘောပဲ”
NLD အစိုးရ လက်ထက် ဝန်ကြီးချုပ်တစ်ဦးဖြစ်ပြီး အသက် ၆၀ ကျော်နေပြီဖြစ်တဲ့ ဒေါက်တာ အောင်မိုးညိုကို လွန်ခဲ့တဲ့ နှစ်လလောက်က မကွေးထောင်အတွင်း ဖြစ်သလိုစီစဉ်ထားတဲ့ အထူးတရားရုံးမှာ ထောင်ဝတ်စုံဝတ်၊ သံခြေကျင်းခတ်ပြီး ရုံးထုတ်တာကို မြင်ခဲ့ရတဲ့အတွက် ဝမ်းနည်းမိတယ်လို့လည်း သူက ဆိုပါတယ်။
လာဘ်စားမှုကင်းရှင်းတာကို ယုံကြည်နေတာမို့ ဒိလိုထောင်ချတာကို နိုင်ငံရေးလောကဓံလို့ပဲ မှတ်ယူတယ်လို့ ညီဖြစ်သူ ဦးအောင်သူညို က ပြောပါတယ်။
“သူ့ (ဒေါက်တာ အောင်မိုးညို) အနေနဲ့ကတော့ ကျနော် သိသလောက်တော့ အဂတိလိုက်စားမှုက ကင်း ရှင်းပါတယ်ခင်ဗျ။ ဘာမှ မရှိခဲ့ပါဘူး။ ထိုက်တန်လား၊ မထိုက်တန်ဘူးလား ဆိုတာကတော့ ကျနော်တို့ အနေနဲ့ ခံစားချက် မရှိပါဘူး။ ဒီလိုပါပဲ။ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ကြုံတွေ့ရတတ်တဲ့ လောက ဓမ္မတာလို့ပဲ မှတ်ပါတယ်ခင်ဗျ”
စစ်ကောင်စီက ဒေါက်တာ အောင်မိုးညိုကို ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ထားတာမို့ စုစုပေါင်း ကျခံရမယ့်ထောင်ဒဏ် နှစ် ၂၀ ရှိနေပါပြီ။ ဒါ့အပြင် သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅)၊ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးစွဲမှု ပုဒ်မ- ၁၇၁ (စ) စတဲ့ အမှုတွေနဲ့လည်း တရားစွဲခံထားရဆဲဖြစ်ပါတယ်။
အင်းစိန်ထောင်မှာ ဖမ်းဆီးပြီး တပ်မတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား လူမင်းနဲ့ ရဲတိုက် တို့ကိုလည်း ဒီကနေ့ အင်းစိန်ထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ ထောင်တွင်းတရားရုံးနဲ့ နီးစပ်တဲ့ ရှေ့နေတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးလှုပ်ရှားသူ ၄၀ ကိုတော့ ဒိဇင်ဘာ ၂၉ ရက် မနေ့ညနေပိုင်းမှာ ထောင်တွင်းတရားရုံးကနေ အနည်းဆုံး ထောင် တစ်နှစ်ကနေ အများဆုံး နှစ်နှစ်စီ အသီးသီး ချမှတ်လိုက်တာလို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။
သူတို့တွေကတော့ ရွှေတောင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအုံးသွင်၊ ပန်းတောင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ ပန်းတောင်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲဒင်၊ ပြည်မြို့နယ် NLD ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဝင်း၊ အလွတ်သတင်းထောက် ကိုလပြည့် အပါအဝင် အလွှာအသီးသီးက နိုင်ငံရေး လှုပ်ရှားသူတွေ ဖြစ်ပါတယ်။
သူတို့အားလုံးကို ရာဇတ်ကြီးပုဒ်မ ၅၀၅ (က)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ လက်နက်ကိုင်ဆောင်မှုပုဒ်မ ၁၉ (င)၊ ၁၉ (စ) စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်တစ်ခုဆီ ကူးပြောင်းတော့မယ့် အခုလို ထူးခြားတဲ့အချိန်မျိုးမှာ အကျဉ်းထောင် အသီးသီးက နိုင်ငံရေးလှုပ်ရှားသူတွေကို တစ်ရက်တည်း တစ်ပြိုင်တည်း အမိန့်ချလိုက်တာဟာ သူ့ကို ဆန့်ကျင်သူမှန်သမျ ဒီလိုပြင်းထန်တဲ့ အရေးယူမှုတွေ ခံရမယ်ဆိုတာကို စစ်ကောင်စီက သတိပေးလိုက်တဲ့ သဘောဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။
“စကစရဲ့ လှုပ်ရှားမှုတွေ၊ သဘောထားတွေကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအင်အားစုတွေ၊ PDF၊ ကျောင်းသား တွေ၊ PDF နဲ့ ဆက်စပ်တဲ့ လူတွေနဲ့ပတ်သက်ပြီး နှစ်သစ်ကူးမှာ သတိပေးလိုက်တာပေါ့ဗျာ။ ဒါပေမဲ့ တချိန် တည်းမှာ လွတ်လပ်ရေးနေ့ ကာလမှာဆိုရင်တော့ လွတ်ငြိမ်းချမ်းသာခွင့်တွေ ဘာတွေ ပေးတာရှိပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတယ်ဆိုပေမယ့် လွှတ်တဲ့အခါ သူတို့ကိုဆက်ပြီး အန္တရာယ်ပေးနိုင်တဲ့သူ၊ ဒုက္ခပေးနိုင်တဲ့လူတွေကိုတော့ လွှတ်ပေးမှာ မဟုတ်ပါဘူး။ တချို့ကိစ္စ သိပ်ပြီးတော့ အရေးမယူလောက်တဲ့ လူတွေလောက်ပဲ ရွေးလွှတ်မှာပါပဲ။ ဆက်ပြီးတော့ တင်းမာစွာ ဒီမိုကရေစီအင်အားစုတွေဘက်က ရပ်တည် မယ့်လူတွေကို ဆက်ပြီးတော့ ချုပ်ထားမယ်ထင်တယ်“
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီဇင်ဘာ ၂၉ ရက်ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း ၁၁ လအတွင်း မြန်မာတစ်နိုင်ငံလုံးက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူ ၁၁၂၅၄ ယောက် ရှိနေပါတယ်။