လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဦးတည်ချက် အသစ်တစ်ခု ထပ်မံတိုးချဲ့

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထူးအစည်းဝေးက မူလရှိပြီးသား နိုင်ငံရေး ဦးတည်ချက်တွေအပြင် အစဉ် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း တည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက် အသစ်တစ်ခုကို ထပ်မံတိုးချဲ့လိုက်တယ်လို့ သိရပါတယ်။

2012.08.12
dpns-conference-b305 ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၄ ရက်က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပနေစဉ်။
Photo: Democratic Party for a New Society

လူ့ဘောင်သစ်ပါတီရဲ့ မူလတည်ရှိနေတဲ့ နိုင်ငံရေး ဦးတည်ချက်တွေဖြစ်တဲ့ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြည့်အဝ အာမခံနိုင်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားများရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး စတာတွေအပြင် အသစ်ထပ်မံ ပြဋ္ဌာန်းလိုက်တဲ့ ဦးတည်ချက်နဲ့ ပတ်သက်လို့ ပါတီအထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက ပြောပါတယ်။

သြဂုတ်လ ၆ ရက်စတင်ပြီး ၆ ရက်ကြာ ကျင်းပခဲ့တဲ့ လူ့ဘောင်သစ်ပါတီ အစည်းအဝေးကို နိုင်ငံတကာရောက် ပါတီဝင်များအပါအဝင် အဖွဲ့ဝင် (၅၀) ကျော် တက်ရောက်ခဲ့ပြီး၊ ဗဟိုစည်းရုံးရေး ကော်မတီ အစည်းအဝေးနဲ့ ပါတီလုံးဆိုင်ရာ အထူးအစည်းအဝေးဆိုပြီး ၂ ပိုင်းခွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးကနေ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒု ဥက္ကဋ္ဌ ဦးရင်ထွေးနဲ့ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းတို့ ဦးဆောင်တဲ့ ဗဟိုစည်းရုံးရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့ပြီး ဒီဗဟို စည်းရုံးရေး ကော်မတီမှာ ယခင် ဗကသ (နိုင်ငံခြားရေးကော်မတီ)က ဦးမင်းနိုင်၊ မြန်မာအမျိုးသမီး သမဂ္ဂများ အဖွဲ့ချုပ်မှ ဒေါ်နိုးနိုးထက်စံနဲ့ ဗကသ ခေါင်းဆောင်ဟောင်း ဦးတင်အေးတို့အပြင်၊ လူ့ဘောင်သစ် လူငယ် ခေါင်းဆောင်များ ဖြစ်တဲ့ မမေဘယ်ထူးနဲ့ ကိုနေမင်းတို့ကိုလည်း ကော်မတီဝင်အဖြစ် တိုးချဲ့တာဝန် ပေးအပ်ခဲ့တယ်လို့လည်း ဦးငွေလင်းက ပြောပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး အောက်တိုဘာလ (၁၄) ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ဦးမိုးသီးဇွန်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာတော့ ထိုင်း မြန်မာနယ်စပ်ကို ပြောင်းရွှေ့ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။