စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သွားမယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထုတ်ပြန်

2022.06.10
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သွားမယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထုတ်ပြန် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်အား တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ နည်းလမ်း ပေါင်းစုံနဲ့ ဆန့်ကျင်သွားမယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဇွန်လ ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ပါတီအနေနဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အသိအမှတ်မပြုတဲ့အပြင် စစ်ကောင်စီ က ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကနေ ကျင်းပပေးမယ့် ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေတာဟာ သူတို့ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေတာဖြစ်လို့ ကန့်ကွက်ရတာလို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲပြန်ပြီးတော့လုပ်ဖို့ ကြိုးစားတဲ့ကိစ္စက စစ်ကောင်စီက ကျနော်တို့ကို ၂၀၀၈ အခင်းအကျင်းအောက်ကို ပြန်တွန်းပို့ဖို့ ကြိုးစားတာဖြစ်တယ်။ သူတို့ရင်ဆိုင် နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကနေ ကျော်လွှားနိုင်ဖို့ ကြိုးစားတာဖြစ်တယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲကို ထပ်ပြီးတော့ ကန့်ကွက်ရမှာဖြစ်တယ်။ မဖြစ်မနေ ပိတ် ဆို့ရမှာဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ နားလည်တယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့သဘောထားကို ထုတ်ပြန်ကြေညာတာဖြစ်ပါတယ်”

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံ သလို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေကလည်း ဒီဥပဒေကို လက်မခံကြောင်း ကြေညာထားပြီးဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ ပါတယ်။

လာမယ့်ရွေးကောက်ပွဲကိုတော့ အချိုးကျကိုယ်စားပြုစနစ် (PR) ကိုအသုံးပြုပြီး ၂၀၂၃ သြဂုတ်လလောက်မှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက် အနည်းငယ်ရှိပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ပြောဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။