လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ခွင့်ပြုချက် ရရှိ
2014.10.25

ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံထဲမှာ ပြန်လည်အခြေချခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ကို နိုင်ငံရေးပါတီအဖြစ် ဒီကနေ့ မှတ်ပုံတင်ခွင့်ပြု လိုက်ပြီ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနည်းဆုံး နေရာ ၃ နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြင် ဆင်မှုတွေ လုပ်ရဦးမယ်လို့ ပါတီဥက္ကဌ ဦးအောင်မိုးဇော် က ပြောပါတယ်။
"နိုင်ငံရေးပါတီတစ်ခု ဖြစ်သွားပြီဆိုလို့ရှိရင် အနိမ့်ဆုံးအဆင့် ၃ နေရာစလုံးက မဝင်မနေရလေ၊ အဲ့ဒါမျိုးကတော့ ဝင်ကိုဝင်ရမှာဖြစ်တယ်၊ ဒီ့ထက်ပိုပြီးတော့ ၁ဝ နေရာဝင်မလား၊ နေရာ ၂ဝ ဝင်မလား၊ နေရာ ၄ဝ ဝင်မလားဆိုတာကတော့ ပါတီကို ဘယ်လောက်အထိ တည်ဆောက်နိုင်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်၊ ကိုယ့်ပါတီအနေအထားက ဘယ်လောက်အထိ အင်အားရှိသလဲ၊ ကိုယ်ဝင်ပြိုင်လို့ရှိရင် ဘယ်ဒေသတွေက ကိုယ်ရနိုင်သလဲဆိုတာ တစ်နှစ်လောက် ကျနော်တို့ သေသေ ချာချာလုပ်ပြီးမှပဲ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်လို့ရမှာပဲ"
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား ကျောင်း သူတွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကာလမှာ အင်အားအကြီးဆုံးပါတီစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်က စစ်အစိုးရက ပါတီဝင်တွေကို ဖမ်းဆီးထောင်ချခဲ့တဲ့အတွက် ခေါင်းဆောင်တချို့ဟာ ပါတီကို ထိုင်း-မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းအခြေစိုက်ခဲ့တာ ဖြစ်ပါတယ်။