မဲဆွယ်မိန့်ခွန်း ဆင်ဆာဖြတ်ခံရတယ်လို့ ပါတီတစ်ခု ပြော
2020.09.21
မဲဆွယ်စည်းရုံးရေး မိန့်ခွန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆင်ဆာဖြတ်တာကြောင့် နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်မယ့် အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
“ပါတီတွေက သူတို့မူဝါဒတွေကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ အခုလို ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေကို ဒါမပြောနဲ့ ဒါပြောဆိုတာဟာ ပြဿနာရှိတယ်။ ပြောတဲ့စကားတွေဟာ ဥပဒေအရ လွဲနေတယ်၊ မှားနေတယ်ဆိုရင် တရားစွဲလို့ရတယ်” လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဆင်ဆာဖြတ်ခံရတဲ့ထဲမှာ ကြေးနီစီမံကိန်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင်အရေး၊ ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မလက်တိုကျေးရွာက မြေယာအရေးအခင်း၊ မန္တလေးတိုင်းက အောင်သပြေကျေးရွာက ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တဲ့ ဘိလပ်မြေစက်ရုံကိစ္စ စတဲ့ အကြောင်းအရာတွေ ပါဝင်တယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။
ကလေးသူငယ်တွေ အခြေအနေကို ဖော်ပြတဲ့ UNICEF အစီရင်ခံစာ၊ အစိုးရဌာနဆိုင်ရာတွေမှာ လူငယ်တွေ ဝန်ထမ်းအဖြစ် လုပ်ကိုင်လိုစိတ်နည်းတဲ့ အကြောင်းရင်းနဲ့ ဖိနှိပ်ခံလူတန်းစားဆိုတဲ့ နိုင်ငံရေးအခေါ်အဝေါ် တွေလည်း ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။
ဆင်ဆာဖြတ်တောက်မှု၊ ပါတီရဲ့ ရုပ်သိမ်းမှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင် တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။
နိုင်ငံပိုင်ရုပ်သံ MRTV ကနေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတိုင်း ရုပ်သံမဲဆွယ်မိန့်ခွန်း တွေကို ကော်မရှင်က စိစစ်ပြီး စက်တင်ဘာ ၈ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ အလှည့်ကျ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
ပါတီက စက်တင်ဘာလ ၂၂ရက်နေ့ မနက်ဖြန်မှာ ရုပ်သံမိန့်ခွန်း ရိုက်ကူးဖို့ ပြင်ဆင်ထားခဲ့တာပါ။
ပါတီမူဝါဒတွေကို ကိုယ့်အစီစဉ်နဲ့ကိုယ် အင်တာနက် ဆိုရှယ်မီဒီယာ စာမျက်နှာတွေမှာ အများပြည်သူသိအောင် တင်ဆက်သွားမယ်လို့ မဲဆန္ဒနယ် ၁၆ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ပါတီဟာ အစိုးရ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံက ဆင်ဆာဖြတ်တာကို ယခင်ကလည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း အဲဒီကာလ ရွေးကောက်ပွဲကော်မရှင်က မိန့်ခွန်းစာသားတချို့ကို ဖြတ်တောက်ခဲ့တာကြောင့် ပါတီက မဲဆွယ်မိန့်ခွန်းထုတ်လွှင့်မယ့် အစီအစဉ်ကို အခုလိုပဲ ဖျက်ခဲ့တာပါ။
၁၉၉၀ ရွေးကောက်ပွဲကာလမှာ ပါတီဝင် အများအပြား အထိန်းသိမ်းခံရပါတယ်။ နယ်စပ်ဒေသနဲ့ ပြည်ပနိုင်ငံ တချို့ကို တိမ်းရှောင်သူတွေက သူတို့ရောက်တဲ့နေရာမှာ ပါတီရဲ့ လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြည်တွင်းကို ပြန်လည်ရောက်ရှိလာပြီး ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ပါတီ တည်ထောင်ဖို့ ကော်မရှင်မှာ လျှောက်ထားခဲ့ပါတယ်။
လောလောဆဲ အမည်တူ တည်ဆဲပါတီ ၃ ခု ရှိနေပါတယ်။
၂၀၁၁ ခုနှစ်မှာ ပါတီထောင်ဖို့ လျှောက်ထားတဲ့ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက တောင်ဥက္ကလာပမြို့နယ်မှာ ရုံးချုပ်ဖွင့်ထားပြီး ၂၀၁၄ မှာ ပါတီထောင်ဖို့ လျှောက်ထားတဲ့ လူ့ဘောင်သစ်ပါတီက စမ်းချောင်းမြို့နယ်မှာ ရုံးချုပ်ဖွင့်ထားတယ်လို့ ကော်မရှင်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပါတီ ၃ ခု လုံးက ၁၉၈၈ မှာ ကျောင်းသားတွေ ထူထောင်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ ပါဝင် လှုပ်ရှားခဲ့သူတွေ ဖြစ်ပါတယ်။